ငဖဲ ၁၂ မေ
ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် အခမဲ့ ဆေးကုသပေးခြင်း လုပ်ငန်းများကို မေ ၁၁ ရက်က ငဖဲမြို့နယ် မထုံးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်းဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့် ဝန်ထမ်းများက ကျေးရွာအတွင်း ယင်လုံအိမ်သာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကွင်းဆင်းစစ်ဆေးပြီး မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထင်ကျော်က ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပညာပေးပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်းအဖွဲ့ဝင် မိုင်မေသိန်းက သွေးတိုးရောဂါများအကြောင်း သိကောင်းစရာများ၊ ဆီးချိုသွေးချိုရောဂါ မဖြစ်ပွားစေရန် ဆောင်ရန်၊ ရှောင်ရန် အချက်များနှင့် ကျေးရွာတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး အကြောင်းများကို အသိပညာ ပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထင်ကျော်နှင့် ကျန်းမာရေး ဝန်ထမ်းများက တောင်ပေါ်ဒေသ မထုံး၊ ဂုတ်စီးရိုး၊ ဆားပေါက်တောင်နှင့် စွန်ပျော်ကျေးရွာများမှ အရှိုချင်းတိုင်းရင်းသား တိုင်းရင်းသူ (၁၇၉)ဦးအား အခမဲ့ စမ်းသပ်ဆေးကုသပေးပြီး ပဒါန်းကျေးရွာ မြတ်မြင့်မိုရ် အထူးကုဆေးခန်းမှ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ သွေးအားနည်းရောဂါ၊ ဆီးချိုသွေးချိုနှင့် HIV ရောဂါ ရှိ၊ မရှိတို့ကို အခမဲ့ သွေးစစ်ဆေးခြင်း၊ သွေးအုပ်စုခွဲခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)