ငဖဲ ၁၅ စက်တင်ဘာ
ရခိုင်ပြည်နယ်သွား ကုန်ကားများနှင့် မကွေးတိုင်းဒေသကြီးသို့ လာရောက်သည့် အဝင်ကုန်ကားများတွင် လိုက်ပါလာသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို လဲလှယ်မောင်းနှင်စေရန် စီစဉ်ထားသည့် ကုန်စည်လွှဲပြောင်းရေး စခန်းတစ်ခုကို ငဖဲမြို့နယ်၊ ဇင်ပြွန်းကျေးရွာ အုပ်စုရှိ ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေး စခန်းအနီးတွင် စက်တင်ဘာ ၁၄ ရက်မှစ၍ ဖွင့်လှစ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မင်ဘူး-အမ်းလမ်း မိုင်တိုင်အမှတ် (၃၉ မိုင် ၄ ဖာလုံ)တွင် ကုန်စည်လွှဲပြောင်းရေးစခန်းအသစ်ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုဘဏ္ဍာငွေ ၂၃ ဒသမ ၉၄၆ သန်းဖြင့် ကွပ်ကဲရေးရုံး၊ ကားသမားများ နားနေဆောင်နှင့် ရေမီးအထွေထွေလုပ်ငန်းများအား စက်တင်ဘာလ ၄ ရက်မှစ၍ (၇)ရက်အတွင်း အမြန်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
''ရခိုင်ကလာတဲ့ ကားသမားတွေ မကွေးတိုင်းထဲကိုတော့ ဝင်လို့မရဘူး။ ရခိုင်လာတဲ့ကားကို မကွေးက ကားသမားကမောင်း၊ မကွေးကလာတဲ့ ကားကို ရခိုင်ကလာတဲ့သူကမောင်းပြီး ကုန်စည်တွေ သယ်ရပါမယ်။ ယာဉ်မောင်းတွေလဲလှယ်ပြီး ကုန်စည်လွှဲပြောင်းရမှာပါ '' ဟုငဖဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်ဘက်ကလာသည့် ကုန်ကားများကို ပိုးသတ်ဆေးဖျန်းကာ နာရီဝက်ကြာထားကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Mask နှင့် လက်အိတ်စွပ်စေကာ လွှဲပြောင်းရေးစခန်းသို့ အဝင်ခံကြောင်း စစ်ဆေးရေးအဖွဲ့က သိရသည်။
ဇေယျတု( မကွေး)


