ငဖဲ  ၁၀  မေ 

 

မင်းဘူးခရိုင်၊ငဖဲမြို့နယ်တွင် မြို့နေလူထု၏ မြို့မြေများတရားဝင်ပိုင်ဆိုင်မှုမှတ်တမ်းတင်နိုင်ရေး၊မြို့ကွက် မြေပုံရရှိရေး၊မြို့မြေခွန်ရရှိရေးနှင့်မြို့မြေစီမံခန့်ခွဲမှုကိစ္စရပ်များဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ စီမံချက်ဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြေတိုင်းတာခြင်းလုပ်ငန်းများကို ခေတ်မီမြေတိုင်းစက်ကိရိယာများဖြင့် မေလ ၂ ရက်နေ့မှစ၍ တိုင်းတာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

mdn

 

"ငဖဲမြို့ပေါ်ရပ်ကွက် ၂ ရပ်ကွက်မှာ တိုင်းတာမည့် အကွက်ပေါင်း ၆ ကွက်ရှိပါတယ်။ ဦးစီးဌာနအနေဖြင့် မြို့မြေ စီမံခန့်ခွဲမှုကိစ္စရပ်များ ဆောင်ရွက်နိုင်ဖို့အတွက် မြို့အပြင်စည်းကွက်ကျဲ စတင်တိုင်းတာ နေပါတယ်။ ပြီးရင်တစ်ဦးချင်း ပိုင်ဆိုင်တဲ့ အိမ်ဝိုင်းမြေတွေကို ဆက်လက် တိုင်းတာမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၁၈၈၀ ခုနှစ်၊ မြန်မာနိုင်ငံတော် မြေနယ်သပ်ဥပဒေအရ နယ်နိမိတ်သတ်မှတ်ရေး အရာရှိအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ကြပ်မတ်ရေးအရာရှိအဖြစ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူးတို့ ခန့်အပ်ပြီး မြေတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်” ဟု မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာနဦးစီးမှူး ဦးနေမျိုးဦးက  ပြောကြားသည်။

 

မယု(ငဖဲ)