ကော့သောင်း ၃၀ သြဂုတ်
လာမည့် ငါးဖမ်းရာသီအတွင်း ပင်လယ်ငါးဖမ်း/ငါးသယ်ရေယာဉ်များ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များ၊ ငါးလုပ်ငန်းဦးစီးဌာန၏ ညွန်ကြားချက်များ၊ ဆက်စပ်ဌာဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် စည်းကမ်းချက်များအား လိုက်နာနိုင်ရေး ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ ကမ်းနီးကုမ္ပဏီများဇုန် ဓနအားမာန်ခန်းမတွင် ပြုလုပ်သည်။
ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲတွင် ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပင်လယ်ငါးဖမ်း/ငါးသယ်ရေယာဉ်ပေါ်ရှိ လုပ်သားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာလိုက်နာနိုင်ရေး၊ ဒေသန္တရအမိန့်များ၊ ငါးလုပ်ငန်းဦးစီးဌာန၏ VMS ဆိုင်ရာ ညွှန်ကြားချက်ပါ စည်းကမ်းချက်များနှင့် ကမ်းဝေး၊ ကမ်းနီး ငါးလုပ်ငန်းရေပြင် သတ်မှတ်မျဉ်းပြမြေပုံ GIS Coordinate point 80 ဆိုင်ရာ စည်းကမ်းချက်များအား လိုက်နာသိရှိနိုင်ရေး ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့၊ ခရိုင်ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့၏သက်ဆိုင်ရာ ဌာနအလိုက် ထုတ်ပြန်ထားသည့် လိုက်နာရမည့် အမိန့်ညွှန်ကြားချက်များအား လာမည့်ငါးဖမ်းရာသီအတွင်း ပင်လယ်ပြင်ငါးဖမ်းထွက်ကြမည့် ရေယာဉ်ပိုင်ရှင်များ၊ ရေလုပ်ငန်းကုမ္ပဏီများ၊ လှေပဲ့နင်းနှင့် ရေလုပ်သားများအား အသီးသီး အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


