ငပုတော ၉ ဇွန်       

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးလက်နေ ပြည်သူများ သွားလာမှုလွယ်ကူစေရန်နှင့် မိမိတို့ဒေသမှထွက်ရှိသည့် ကုန်စည်စီးဆင်းမှု လျင်မြန်စေရန်အတွက် လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေဖြင့်အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် ငပုတောမြို့နယ်အတွင်းရှိ ကမ်းနီကျေးရွာနှင့် ရခိုင်ကုန်းကျေးရွာကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းကအဆိုပါလမ်း၌ရှေ့၌ ပြုလုပ်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

376

 

ဆက်လက်၍ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းအောင်နှင့် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုးသိမ်းတို့က အမှာစကားများပြောကြားပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်သူမင်းကစီမံကိန်းမှထောက်ပံ့ပေးမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက်လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား စီမံကိန်းအထောက်အကူပြု ကော်မတီဥက္ကဌ ဦးချစ်ပိုမှ မြို့နယ်ဦးစီးမှူးဦးကျော်မင်း အားပေးအပ်ခဲ့ပြီး ဒေသခံတစ်ဦးမှကျေးဇူးတင်စကားများပြန်လည်ပြောကြားသည်။

ကမ်းနီကျေးရွာ ကွန်ကရစ်လမ်းမှာ အလျား ၃၇၂၈ ပေ၊အနံ ၁၂ ပေနှင့် အမြင့် ၆ လက်မရှိပြီး စီမံကိန်းမှထောက်ပံ့ငွေကျေးရွာနေ ပြည်သူများထည့်ဝင်ငွေအပါအဝင် စုစုပေါင်း(၅၀၂၄၃၀၇၅) ကျပ်ကုန်ကျခဲ့ပြီး၊ရခိုင်ကုန်းကျေးရွာကွန်ကရစ်လမ်းမှာ အလျား ၁၆၃၀ ပေ၊အနံ ၁၂ ပေနှင့်အမြင့် ၆ လက်မရှိပြီးစီမံကိန်းမှ ထောက်ပံ့ငွေကျေးရွာနေပြည်သူများ ထည့်ဝင်ငွေအပါအဝင်စုစုပေါင်း(၂၃၉၉၉၆၀၅)ကျပ်ကုန်ကျခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)