ငရုတ်ကောင်း ၂၅ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကမ်းလွန်လုပ်ကွက် A-6 ရှိ သဘာဝ ဓာတ်ငွေ့စီမံကိန်းလုပ်ငန်းနှင့်ပတ်သတ်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကမ်းလွန်လုပ်ကွက် A-6 သဘာဝဓာတ်ငွေ့စီမံကိန်းအားလုပ်ဆောင်မည့်(TOTAL) ကုမ္ပဏီ၏ EIA ဆန်းစစ်ချက် အကြီးတန်းအကြံပေးအရာရှိ ဦးနေဆန်းလင်းက ရေနက်လုပ်ကွက် A-6 အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ရေနက် ကမ်းလွန်လုပ်ကွက် A-6 သည် ငွေဆောင်မြို့နှင့် ငရုတ်ကောင်း အဆိုပြု ထိန်းသိမ်းနယ်မြေတို့မှ မိုင် ၂၀ (၃၃ ကီလိုမီတာ) ခန့်အကွာတွင် တည်ရှိပြီး ကမ်းရိုးတန်းမှ ၁၈ မိုင်(၂၉ ကီလိုမီတာ) ခန့်အကွာ (ပင်လယ် ရေနက် ၁၀၀ မီတာ(၃၂၈ ပေ)ခန့်ရှိ ပလက်ဖောင်းတစ်ခုနှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ရတနာ Riser Platform သို့ ပိုက်လိုင်းဖြင့် ပေးပို့ကာ ပြည်တွင်းသုံးနှင့် ပြည်ပသုံး ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တွင်းတူးနှင့် ထုတ်လုပ်ရေးပညာရှင် ဦးတင်ဌေးကျော်က ဓာတ်ငွေ့လိုင်းနှင့် ဆက်သွယ်ရေး လိုင်းများ၊ ရေအောက်ဓာတ်ငွေ့လိုင်း စုစည်းပုံ၊ ရေအောက်အဝေးထိန်းစက်နှင့် ဆောင်ရွက်ပုံ၊ ဓာတ်ငွေ့ထုတ်လုပ်ရေးစင် တည်ဆောက်ခြင်း၊ ရေအောက်ပိုက်လိုင်းရှည်များ သွယ်တန်းခြင်းလုပ်ငန်း များ၊ EIA အား ERM and EQM တို့မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြစ်နိုင်ခြေရှိသော သက်ရောက်မှု များနှင့် လျှော့ချကုစားနိုင်သည့် နည်းလမ်းများအား ဆွေးနွေးတင်ပြခဲ့ရာ အခမ်းအနားသို့ တက်ရောက် လာသူများမှ သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)


