ငါ့သရောက် ၁၅ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့၊ ကမ္မကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာတွင် ကြောင်ပန်းပင်များပေါ်၌ ကျိုင်းကောင်များ ကျရောက်နေကြောင်း ဒေသခံတောင်သူများ၏ သတင်းပေးချက်အရ ဩဂုတ် ၁၄ ရက်၊ နံနက် ၁၀ နာရီက ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်(မြေ၊ မျိုး၊ ပိုး)တာဝန်ခံများနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအဖွဲ့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်သီးနှံပိုးမွှားကာကွယ်ရေး တာဝန်ခံ ဒေါ်ခင်သန်းမြင့်၊ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဒေါ်စန်းစန်းဝေ၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြည်ကြည်ဆွေတို့ ဦးဆောင်သော ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအဖွဲ့က ငါ့သရောက်မြို့၊ ကမ္မကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာမှ အကျိုးဆောင်တောင်သူ ဦးသောင်းဌေးနှင့် ဒေသခံတောင်သူများ လိုက်ပါ၍ ကျိုင်းကောင်များ ကျရောက်နေသော ကြောင်ပန်းပင်များသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးရာ တွေ့ရှိရသော ကျိုင်းကောင်အမျိုးအစားမှာ သီးနှံစိုက်ခင်းများအတွက် အန္တရာယ်ရှိသော ကန္တာရကျိုင်းကောင်းမျိုး မဟုတ်ဘဲ ကော်ဖီကျိုင်းကောင်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဝန်ထမ်းများအဖွဲ့က ငါ့သရောက်မြို့၊ ကောင်းမြတ်ချမ်းသာ ပိုးသတ်ဆေးဆိုင်မှ ပံ့ပိုးပေးသော ပိုးသတ်ဆေးများဖြင့် အဆိုပါ ကော်ဖီကျိုင်းကောင်များအား ကြောင်ပန်းပင်များ ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေး စုပေါင်းပက်ဖျန်း နှိမ်နင်းခဲ့ကြသည်။
ထို့နောက် ခရိုင်(မြေ၊ မျိုး၊ ပိုး)တာဝန်ခံများနှင့် ဝန်ထမ်းများအဖွဲ့သည် မိုးမြေပဲစိုက်ခင်းများအတွင်း ပိုးမွှား ရောဂါကျရောက်မှု ရှိ / မရှိ လိုက်လံကြည့်ရှုစစ်ဆေးပြီး အိုင်ကြီးကျေးရွာရှိ ဒေသခံတောင်သူများ နှင့် တွေ့ဆုံ၍ သီးနှံစိုက်ခင်းများအလိုက် ကျရောက်နိုင်သော ရောဂါပိုးမွှားများအကြောင်း သိကောင်းစရာများ၊ ကန္တာရ ကျိုင်းကောင်များ အကြောင်း သိကောင်းစရာနှင့် ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများ၊ သီးနှံအထွက်နှုန်း ကောင်းမွန်ရေး လိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များအကြောင်းကို အသိပညာပေး ဆွေးနွေးဟောပြောပြီး ကျိုင်းကောင်းများနှင့် ပက်သက်၍ ကာကွယ်နှိမ်နင်းရမည့် အသိပညာပေး လက်ကမ်းစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)