ငါ့သရောက် ၂၅ ဇူလိုင်
ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်အတွင်းရှိ ဒေသခံများသည် အိမ်ဆောက်ရာတွင် ထန်းသားဖြင့်ဆောက် လုပ်သူများပြားလာခြင်းကြောင့် ထန်းပင်ပိုင်ရှင်များအနေဖြင့် ထန်းပင်ရောင်းချရာတွင် ဈေးကောင်းရရှိနေကြကြောင်း သိရသည်။
ငါ့သရောက်မြို့နယ် ပတ်လည်တွင် ထန်းပင်အမြောက်အမြားပေါက်ရောက်သည့်ဒေသဖြစ်ကာ တစ်နယ်လုံး ထန်းပင်ထန်းတောများဖြင့်သာ လွှမ်းခြုံလျက်ရှိသည့်မြို့ဖြစ်ပြီး ထန်းတက်လုပ်သားရှားပါးလာခြင်း၊ ထန်းပင်ကြီးများ မြင့်မားလာကာ ထန်းမတက်တော့ခြင်း၊ ပြည်ပသို့သွားရောက်ကာ အလုပ်လုပ်ခြင်းများကြောင့် ထန်းပင်များ ယာထဲ၊ ယာစပ်၊ လယ်တောစပ်များတွင် ပေါက်ရောက်နေသည့် ထန်းပင်များ ထန်းလှီးသူမရှိတော့ဘဲ ကြီးရင်သည့် ထန်းပင်များ အိမ်ဆောက်လိုသည့် ပုဂ္ဂိုလ်များကဝယ်ယူကာ ခွဲခြမ်းစိတ်ဖြာ၍ အိမ်ဆောက်ခြင်း၊ နွားတင်းကုတ်ဆောက်ခြင်း၊ မြေစိုက်တိုက်ဆောက်လုပ်ရာတွင် အတွင်းပိုင်း ဒိုင်း၊ ယောက်၊ မြာတိုင်များအဖြစ် အသုံးများလာကြောင်း သိရသည်။
ယခင်က သက်တမ်းရင့်ထန်းပင်တစ်ပင်လျှင် ငွေကျပ် ၁၂၀ဝ၀ သာရှိခဲ့ရာမှ ယခုအခါ ငွေကျပ် ၂၅၀ဝ၀ ထိဈေးရှိ နေကြောင်း သက်တန်းရင့်တိုင်း ထန်းသားအနှစ်မထည့်ကြောင်းနှင့် အနှစ်ထည့်သည့် အပိုင်းသာ အိမ်ဆောက်ကြကြောင်း၊ ထန်းပင်၏ အနှစ်ရှိသောအပိုင်းသည် (၄၅)ပေအတွင်းသာရှိတတ်ကြောင်း၊ အချို့သော ထန်းတောပိုင်ရှင်များသည် အနှစ်ပါသည်ထင်ရသည့် ထန်းပင်များအား ကိုယ်တိုင်ခွဲစိတ်ထားကာ လိုသလိုခွဲစိတ်ထားကာ ပြန်လည်ရောင်းချကြကြောင်း သိရသည်။
ထန်းပင်များမှာ တစ်ပင်လုံးအသုံးဝင်ပြီး ထန်းသီး၊ ထန်းနို့နွားကျွေးခြင်း၊ ထန်းစေ့ပျိုးထောင်ကာ ထန်းပင်မြစ်နုပျိုးထောင်ရောင်းချခြင်း၊ ထန်းလက်/ထန်းဖတ်အား ကုလားထိုင်၊ ထန်းလက်စားပွဲ၊ ထန်းခေါက်ဖာပြုလုပ်နိုင်ခြင်း၊ ထန်းရွက်အား နွားတင်းကုတ်၊ ဆိတ်တင်းကုတ်နှင့် လူနေအိမ်များတွင် အမိုးမိုးခြင်း၊ ထန်းခေါင်းပိုင်းအမြစ်ဆုံနေရာ နွားစာကျင်းပြုလုပ်ကြခြင်း၊ ထန်းဖူးအား ထန်းရွက်ပုတီး၊ ငှက်ရုပ်နှင့် ကလေးကစားစရာ ပြုလုပ်ရောင်းချကြခြင်း၊ အနှစ်ပါသည့် ထန်းပင်များအိမ်ဆောက်ရာတွင် လူကြိုက်များလာခြင်း၊ ထန်းလက်များအား အိမ်ခြံစည်းရိုးကာရံခြင်းများပြုလုပ်ကျသဖြင့် ထန်းပင်များ ခွဲသားပြုလုပ်ကာ အိမ်ဆောက်သူများ လာခြင်းများကြောင့် ထန်းပင်ဈေးနှုန်းများ တဖြည်းဖြည်းမြှင့်တက်လာနေပြီဖြစ်ကြောင်း ထန်ငယ်တောရပ်နေ ဦးကျော်စွာက ပြောပြချက်အရ သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


