နေပြည်တော် နိုဝင်ဘာ ၃

၂၀၂၃-၂၀၂၄ ခုနှစ်၊ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာသတ်မှတ်ခြင်းနှင့် ပင်လယ် ငါးလုပ်ငန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ငါးသယံဇာတအရင်းအမြစ်များအား ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် စီမံခန့်ခွဲဆောင်ရွက်ရာတွင် ငါးမျိုးစိတ်များ ပြန်လည်တိုးပွားပြီး၊ ငါးဖမ်းလုပ်ငန်းများ ရေရှည်ဖမ်းဆီးထုတ်လုပ်နိုင်ရန်နှင့် ငါးမဖမ်းရရာသီအတွင်း ငါးမျိုးစိတ်များပေါက်ပွား ကြီးပြင်းရာနေရာများ ပြန်လည်ကောင်းမွန်လာစေရန်ရည်ရွယ်၍ ငါးမဖမ်းရာသီ၊ ငါးမဖမ်းရဧရိယာ သတ်မှတ်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ခုနှစ် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာသတ်မှတ်ခြင်းနှင့် ပင်လယ်ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတတည်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြရာ ဆွေးနွေးချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်တာဝန်ရှိသူများ၊ တပ်မ တော်(ရေ)နှင့် မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ ငါးလုပ်ငန်းဆိုင်ရာအကြံ ပေးပညာရှင်များ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ကမ်းရိုးတန်းဒေသများရှိ တိုင်းဒေသကြီး၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်များ၊ ငါးလုပ်ငန်းအသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များက အွန်လိုင်းမှ တက်ရောက်ကြသည်။

သတင်းစဉ်