နေပြည်တော် ဇူလိုင် ၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဇူလိုင် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် မြစ်နှစ်သွယ်ကုမ္ပဏီလီမိတက်သို့ ရောက်ရှိရာ တာဝန်ခံမှ ရေချို/ရေငံ ငါး၊ ပုဇွန်များ ပြုပြင်အေးခဲ၍ ပြည်ပကုန်တင်ပို့မှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ငါး ပုစွန် မွေးမြူရေးလုပ်ငန်းများအနေဖြင့် ပြည်တွင်းစားသုံးမှု အတွက်သာမက ပြည်ပ သို့တင်ပို့ရောင်းချခြင်းမှ နှစ်စဉ် နိုင်ငံခြားငွေ ရှာဖွေပေးနိုင်လျက်ရှိရာ အဆိုပါ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး လာရေးအတွက် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များအနေဖြင့်  ပြည်ပသို့တင်ပို့မှုများအား သက်ဆိုင်ရာ ဌာနများ ပူးပေါင်းပါဝင်သည့် အဖွဲ့က FOB စနစ်ဖြင့် ရုံးလုပ်ငန်းများအား တစ်ချိန်တည်း၊ တစ်နေရာတည်း တစ်ပြေးညီ ဖြစ်စေရန် One stop service ဖြစ်စေရန် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ကြရန် မှာကြားပြီး အေးခဲငါးများထုတ်ပိုးနေမှုအဆင့်ဆင့်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

အလားတူ Ocean Pacific Cold Storage သို့ရောက်ရှိပြီး ရေခဲထုတ်လုပ်မှု ကိုလည်းကောင်း၊ GFIT Co.,Ltd ၌ မွေးမြးရေးထုတ်ကုန် လုပ်ငန်းရှင်များ နှင့်တွေ့ဆုံ၍ ကမ်းနီး ကမ်းဝေး ငါးဖမ်းထုတ်လုပ်ငန်းများကို သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရေး ထိန်းကျောင်းကြပ်မတ် လျက်ရှိ သကဲ့သို့ ရေရှည် အတွက် GAqP အပါအဝင် ခေတ်မီနည်းပညာအသုံးပြု ငါး ပုစွန် မွေးမြူ ထုတ်လုပ်မှု လုပ်ငန်းများဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း၊ စီးပွားရေးတိုးတက်ရန်၊ လူမှုရေးဖွံ့ဖြိုးရန်နှင့် သဘာဝပတ်ဝန်း ကျင်နှင့်လိုက်လျော ညီထွေရန်ဟူသည့် ဒေါက်တိုင် (၃)ခုဖြင့် ငါး ပုစွန်ကဏ္ဍ ဖွံ့ဖြိုးလာရေးကို ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ ငါးဖမ်းရာသီသတ်မှတ်ခြင်း၊ အချို့ဒေသများတွင် နယ်မြေလိုအပ်ချက်အရ ဇုံများ သတ်မှတ်ထိန်းသိမ်းခြင်း၊ သဘာဝ ငါးမျိုးပွားခြင်းကို ခေတ်မီနည်း စနစ်များ အသုံးပြု၍ လေ့လာသုံးသပ်ခြင်း တို့ဖြင့် ရေရှည်အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကို ရေလုပ်ငန်းကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံးတို့က  စနစ်တကျ လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနိုင်းဖြည့်စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)