နေပြည်တော်   ၂၂    ဇူလိုင်  


ငါးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် Charles Sturt တက္ကသိုလ်တို့ပူးပေါင်း၍ “မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ငါးတက်ဆင်းလမ်း ဖော်ဆောင်ခြင်းဖြင့် ဇီဝ၊ ရူပသွင်ပြင်နှင့် လူထုအပေါ် အကျိုးသက်ရောက်မှုဆန်းစစ်ခြင်း စီမံကိန်း” ၏ ငါးတက်ဆင်းလမ်း တည်ဆောက်မှုပုံစံ အထူးသင်တန်းကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲတွင် ဇူလိုင် ၂၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 


အဆိုပါသင်တန်း ဖွင့်ပွဲ၌ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနားသို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးဌာနမှူးခရိုင်ဦးစီးဌာနမှူးများ တက်ရောက်ခဲ့ကြကြောင်း သိသည်။ ယခုသင်တန်းတွင် ဩစတြေးလျနိုင်ငံ၊ Charles Sturt တက္ကသိုလ်မှ ငါးတက်ဆင်းလမ်း ဘာသာရပ် ကျွမ်းကျင်ပညာရှင် (၄)ဦးက သင်ကြားပို့ချမည်ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာန၊  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ်၊ FFI နှင့် WCS မှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၂၅)ဦး ပါဝင်တက်ရောက်လျက်ရှိကြောင်း၊  သင်တန်းကာလမှာ ဇူလိုင်လ (၂၂ ရက်မှ ၂၅) ရက်အထိ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါသင်တန်း ဖွင့်လှစ်ပို့ချခြင်းဖြင့် မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ငါးတက်ဆင်းလမ်းဒီဇိုင်းပုံစံ ဖော်ထုတ်နိုင်ရေးအတွက် ဩစတြေးလျပညာရှင်များက ပို့ချသည့် ငါးတက်ဆင်းလမ်းဒီဇိုင်းနည်းပညာများကို လေ့လာသင်ယူနိုင်ပြီး အနာဂတ်လုပ်ငန်းများအတွက် အသုံးချနိုင်မည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။    
  

 မောင်မွှေး