ငါးသိုင်းချောင်း       ဇူလိုင်        ၁၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ငဝန်ရေကာတာ၊ တာမိုင် ၄၆ ဗောဓိရေကင်းစခန်းအနီး၌ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက မိုးရာသီရေဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြဆောင်ရွက်မှုများကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

 

ရှေးဦးစွာ ယာယီရှင်းလင်းဆောင်၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား‌ပြောကြားပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ငဝန်မြစ်ရေအခြေအနေ၊ ရေကာတာကြံ့ခိုင်မှုအခြေအနေ၊ တာတမံထိန်းသိမ်းစောင့်ရှောက်မှု နည်းလမ်းများနှင့် မိုးရာသီ ရေဘေးကြိုတင်ကာကွယ်ရေးအစီအမံများ၊ ဇာတ်တိုက်လေ့ကျင့်မှုနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးချုပ်က ငါးသိုင်းချောင်းမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအစဉ်အရ လွှင့်ထူရမည့် အချက်ပြအလံများအား ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ သဘာဝဘေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ လက်တွေ့သရုပ်ပြ ဇာတ်တိုက်‌လေ့ကျင့်ဆောင်ရွက်‌မှုများကို ကြည့်ရှုအားပေးခဲ့သည်။

 

စိုးမင်းဦး(ပြန်/ဆက်)