လုမ္ဗိနီ ၁၈ မေ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ပုံစံတူကျောက်ဆစ်ရုပ်တုကိုမေ ၁၇ ရက်က လုမ္ဗိနီဥယျာဉ်၌ ထားရှိဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဂေါတမဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်ရာနေရာဖြစ်သော လုမ္ဗိနီဥယျာဉ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးသန့်၏ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုများကို ပြည်သူများ အမှတ်တရရှိစေရန် ရည်ရွယ်ကာ အဆိုပါ ဦးသန့်ရုပ်တုအား ထုဆစ်ထားရှိခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သော ဂျပန်စီးပွားရေးလုပ်ငန်းရှင် တိုကုရှင်ကာဆိုင်က ဦးသန့်ရုပ်တုနှင့် ရုပ်တုထားရှိမည့် ဥယျာဉ်နေရာတို့အား ငွေကြေးအမြောက်အမြား အကုန်အကျခံကာ တည်ဆောက်လှူဒါန်းခဲ့သည်။ ယင်းသို့ ဦးသန့်ရုပ်တု ထုဆစ်ထားရှိခြင်းဖြင့် လုမ္ဗိနီမြို့ ဖွံ့ဖြိုးတိုးတက်မှုတွင် ဦးသန့်၏ ကြိုးပမ်းမှုများကို နောင်လာနောက်သားများ အောက်မေ့သတိရစေမည်ဖြစ်သည်ဟု ဂျပန်စီးပွားရေးလုပ်ငန်းရှင် တိုကုရှင်ကာဆိုင်က ယနေ့ကျင်းပခဲ့သည့် ကျောက်ဆစ်ရုပ်တုဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
ဂျပန်စီးပွားရေးလုပ်ငန်းရှင် တိုကုရှင်ကာဆိုင်သည် လုမ္ဗိနီမြို့တွင် ဗုဒ္ဓဘာသာဝင်ခရီးသွားများ အဓိကတည်းခိုလေ့ရှိသည့် “လုမ္ဗိနီဟိုတယ်ကာဆိုင်” ပိုင်ရှင်တစ်ဦးဖြစ်သည်။
ဦးသန့်သည် ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အတွင်း ကုလသမဂ္ဂအတွင်းရေးမှူချုပ်ရာ ထူးတာဝန်များကို ထမ်းရွက်ခဲ့သည်။ ပထမဆုံးသော အာရှတိုက်သား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တစ်ဦးလည်း ဖြစ်သည်။
ဦးသန့်သည် ၁၉၆၇ ခုနှစ်တွင် လုမ္ဗိနီဥယျာဉ်သို့ အလည်အပတ်ရောက်ရှိခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ဦးသန့်၏အားထုတ်ခဲ့မှုများကြောင့် လုမ္ဗိနီဥယျာဉ်သည် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရှိအပ်သော ဘာသာရေးဆိုင်ရာ နေရာတစ်ခုဖြစ်လာခဲ့သည်။
လုမ္ဗိနီဥယျာဉ်သို့ ဦးသန့် အလည်အပတ်ရောက်ရှိခဲ့ပြီး သုံးနှစ်ခန်အကြာတွင် လုမ္ဗိနီဥယျာဉ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကုန်ကျစရိတ် ကမကထပြုပေးသော နိုင်ငံတကာကော်မတီအဖွဲ့ ရောက်ရှိခဲ့သည်။ ထို့နောက် ၁၉၇၈ ခုနှစ်တွင် ဂျပန်ဗိသုကာပညာရှင် ကန်ဇိုတန်ဂျီနှင့်တွေ့ဆုံပြီး လုမ္ဗိနီဥယျာဉ်တော်တည်ဆောက်ရေး ဒီဇိုင်းရေးဆွဲကာ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ လုမ္ဗိနီဥယျာဉ်တော်ကို စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
လုမ္ဗိနီဥယျာဉ်တော်၏ ဖွံ့ဖြိုးတိုးတက်မှုများသည် ဦးသန့်၏ မေတ္တာစေတနာကြီးမားမှုများမှ အခြေတည်ကာ အောင်မြင်ဖြစ်ထွန်းခဲ့ခြင်း ဖြစ်သည်ဟု လုမ္ဗိနီဗုဒ္ဓတက္ကသိုလ် ဒုတိယအကြီးအကဲ Hridaya Ratna Bajracharya က ဆိုသည်။
ဂေါတမဗုဒ္ဓမြတ်စွာဘုရားဖွားမြင်ရာ လုမ္ဗိနီဥယျာဉ်တော်ကြီးသည်ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရှိရာ နေရာတစ်ခုဖြစ်ပြီး ဤမျှအရေးကြီးသောနေရာသည် ဦးသန့်၏ ကြိုးပမ်းအားထုတ်မှုများကြောင့် အောင်မြင်ဖြစ်ထွန်းလျက် ရှိသည်ကို တွေ့မြင်ရသည်မှာ အလွန်ပင်ဝမ်းသာ ပီတိဖြစ်မိပါကြောင်း ဦးသန့်၏ မြေးဖြစ်သူ ဦးသန့်မြင့်ဦးက ဦးသန့်ရုပ်တု ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ကျိုဒိုနယူးစ်