မန္တလေး ၂၂ စက်တင်ဘာ

 

ပထမဦးဆုံးအကြိမ် မဲပေးရမည့် မဲဆန္ဒရှင်များအား ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်သည့် အနေဖြင့် ‘နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ အမည်ဖြင့် ဂီတဖန်တီးမှု ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း International Foundation for Electoral Systems (IFES) မှ သိရသည်။

 

အဆိုပါအစီအစဥ်ကို အသိပညာပေး ဖျော်ဖြေရေးပုံစံဖြင့်  လူငယ်များအား နှိုးဆော်တိုက်တွန်းနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ပြည်တွင်းရှိ နာမည်ကြီးပုဂ္ဂိုလ်များမှ ပါဝင်ဆွေးနွေးသွားမည့် အခန်းဆက် အွန်လိုင်းစကားဝိုင်းများလည်း ပြုလုပ်သွားမည်ဖြစ်သည်။

 

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်မှ ၂၉ နှစ်အရွယ်ရှိ လူဦးရေ အရေအတွက်ပေါင်း (၁၃) သန်းရှိနေပြီး အဆိုပါ ပမာဏမှာ မြန်မာတစ်နိုင်ငံလုံးရှိ လူဦးရေ၏ လေးပုံတစ်ပုံ နီးပါး ရှိသည်။

 

နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ အစီအစဉ်သည် အထူးသဖြင့် မြန်မာနိုင်ငံရှိ လူငယ်များနှင့် ပထမဦးဆုံးအကြိမ် မဲပေးမည့်သူများ ပါဝင်လာကြစေရေး အင်တိုက်အားတိုက် နှိုးဆော် တိုက်တွန်း သွားရန် စီစဉ်ထားသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ၎င်းတို့၏မဲများကို မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ခိုင်မာတည်တံ့ရေးတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားပါသည်။

 

လူငယ်မဲဆန္ဒရှင် အသိပညာပေးစည်းရုံးရေး ကိုယ်စားလှယ်နှင့် တက်သစ်စအဆိုတော်  ဒေါ်သဇင်သီရိခေတ် က “လူတိုင်းမှာ မဲပေးရမယ့် တာဝန်ရှိပါတယ်။ လေ့လာချက်တွေမှာဆိုရင်လည်း ငယ်ရွယ်စဉ်မှာ မဲပေးခဲ့တဲ့သူတွေဟာ နောက်ပိုင်း သူတို့ဖြတ်သန်းရမယ့် ဘဝတလျှောက် ဆက်ပြီး  မဲပေးသွားဖို့ အလားအလာ ပိုများတယ်လို့ သိရပါတယ်။ ဒီနိုင်ငံက လူငယ်မဲဆန္ဒရှင်တွေကို ကျွန်မအနေနဲ့ ပြောချင်တာကတော့ လူငယ်တွေရဲ့ အသံက ၂၀၂၀ ရွေးကောက်ပွဲ အတွက် အရေးပါတယ် ဆိုတာပါပဲ။ လူတိုင်းပါဝင်ရမယ်လို့ ပြောတဲ့နေရာမှာ အမျိုးသမီးငယ်တွေ၊ မသန်စွမ်း လူငယ်တွေ၊ LGBTQI အသိုင်းအဝိုင်းအုပ်စုကသူတွေ၊ ကျေးလက်၊ မြို့ပြမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ အခြား လူနည်းစုတွေလည်း ပါဝင်ပါတယ်။ အားလုံးပဲ ကိုယ့်ရဲ့ မဲပေးပိုင်ခွင့်ကို ရွေးကောက်ပွဲနေ့မှာ အသုံးချကြပါလို့ ပြောချင်ပါတယ် ဟု ဆိုသည်။

 

 ယခုအစီအစဉ်အား IFES မှ ဦးဆောင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ကူညီပံ့ပိုးမှုနှင့်အတူ လူမှုရပ်ဝန်း ပြောင်းလဲတိုးတက်ရေး ဖန်တီးမှု အေဂျင်စီဖြစ်သော Love Frankie မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ ဂီတဖန်တီးမှုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တက်သစ်စနှင့် နာမည်ရ ဂီတပညာရှင်များ၊ တေးရေးသူများနှင့် အနုပညာ ဖန်တီးသူများအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ ည ၁၁ နာရီ ၅၉ မိနစ် မတိုင်မီ နောက်ဆုံးထားပြီး ၂၀၂၀ အထွေထွေရွေး ကောက်ပွဲအကြောင်း ရေးစပ်ဖန်တီးထားသည့် သီချင်းတစ်ပုဒ်ကို ပေးပို့ရမည်ဖြစ်သည်။

 

ပါဝင်ယှဉ်ပြိုင်သည့် သီချင်းများမှာ နိုင်ငံရေးပါတီတစ်ခုခုအား အသားပေးဖန်တီးထားမှု မရှိရန် လိုအပ်ပြီး အကဲဖြတ်အမှတ်ပေးရာတွင် ရွေးကောက်ပွဲကျင်းပသည့် လုပ်ငန်းစဉ်များအတွင်း လူငယ်များ တစ်တပ်တစ်အား ပါဝင်လာကြစေရန် တိုက်တွန်းအားပေးနိုင်သည့် အချက်ကို အခြေခံ၍ အကောင်းဆုံး သီချင်း (၁၀) ပုဒ်အား စကာတင်အဖြစ် အကဲဖြတ်ရွေးချယ်သွားမည် ဖြစ်သည်။

 

ဂီတဖန်တီးမှုပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် bit.ly/tutv2020 တွင် ပြိုင်ပွဲဝင် လျှောက်လွှာဖောင်တစ်ခု ဖြည့်စွက်ရန် လိုအပ်ပြီး ၎င်းတို့၏ Facebook စာမျက်နှာ (သို့မဟုတ်) cloud အသုံးပြု မျှဝေနိုင်သော ပလက်ဖောင်း တစ်ခုခုတွင် ဗီဒီယိုကို တင်ပေးထားရမည် ဖြစ်သည်။

 

ဒိုင်အဖွဲ့တွင် ပါဝင်သည့် ပြည်တွင်းရှိ နာမည်ကြီး အနုပညာရှင်များ ဖြစ်ကြသော ဥက္ကာဦးသာ၊ အားတီနှင့် မိစန္ဒီတို့က အကောင်းဆုံး စကာတင် တေးသီချင်း (၁၀) ခုကို ရွေးချယ်သွားမည် ဖြစ်သည်။

 

 မေသက်ထား