နေပြည်တော် နိုဝင်ဘာ ၂၁

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် အမျိုးသားရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် တစ်တပ်တစ်အားအနေဖြင့် အထောက်အကူပြုနိုင်မည့် မျိုးဆက်သစ် အင်ဂျင်နီယာကောင်းများကို စံနှုန်းများနှင့် အညီ အရည်အသွေးပြည့်မီစွာ မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မန္တလေးတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ်များတွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ဒုတိယဝန်ကြီးသည် နိုဝင်ဘာ ၁၈ ရက်မွန်းလွဲပိုင်းတွင် မန္တလေးနည်းပညာတက္ကသိုလ်၌ ဒုတိယပါမောက္ခချုပ်နှင့် ဝန်ထမ်းများကိုတွေ့ဆုံပြီး ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုနိုင်သည့် စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်စေရေးတို့အတွက် အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် Electronics အင်ဂျင်နီယာဌာနမှ ဖွင့်လှစ်သင်ကြားသော  နည်းပညာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းတွင် လက်တွေ့လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် in-house training တက်ရောက်နေသာ ဘွဲ့ကြိုသင်တန်းသားများနှင့်တွေ့ဆုံ၍ သင်တန်းမှရရှိသော အကျိုးကျေးဇူးများကိုမေးမြန်းပြီး နိုင်ငံတော်က အမှန်တကယ် အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ် လူငယ်ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။ ယင်းနောက် ဒုတိယ ဝန်ကြီးသည် Nuclear အင်ဂျင်နီယာဌာနတွင် ပါရဂူဘွဲ့သင်တန်းသူတစ်ဦး၏ Effect of Recycled Plastics in Concrete and Application of Gamma Shielding သုတေသနဆောင်ရွက်မှု အခြေအနေနှင့် အခြား Lab ခန်းများ၊ စာကြည့်တိုက်နှင့် ကျောင်းဝန်းအတွင်း လှည်လည်စစ်ဆေးသည်။

 

ယမန်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး စာကြည့်တိုက်နှင့် လက်တွေ့ခန်းများ ကိုကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် လေကြောင်းနှင့် အာကာသပညာပြခန်းတွင် ရုရှဖက်ဒရေးရှင်းနိုင်ငံ၊ အပြည်ပြည် ဆိုင်ရာ လူထုအခြေပြုပရဟိတရန်ပုံငွေ “ယဉ်ကျေးဖလှယ် စုပေါင်းညီညာ၊ ဤကမ္ဘာ” အစီအစဉ်ဖြင့် လှူဒါန်း ထားသည့် ကမ္ဘာ့ပထမဆုံး အာကာသ ယာဉ်မှူးဖြစ်သည့် ယူရီဂါဂါရင် အထိမ်းအမှတ် ရုပ်တုနှင့် Vostoak 1 အာကာသယာဉ်ဆိုင်ရာ ပြသထားမှု၊ လေကြောင်းနှင့် အာကာသဆိုင်ရာ သမိုင်းကြောင်းများ၊ စူးစမ်းလေ့လာမှုများ၊ ကျောင်းသားများ၏ သုတေသနပရောဂျက်များနှင့် အခြားပြသထားမှု၊ ပြေးလမ်း(၈)ခုပါ ဘောလုံးကွင်း တည်ဆောက်ပြီးစီးမှုနှင့် ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကာ ဌာနများရှိ လက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးပြီး စက်မှုဇုန်နှင့် MSEMEs လုပ်ငန်းများရှိ ကုန်ထုတ်နည်းပညာများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်စပ်ဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)