လှိုင်းဘွဲ စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရွာသာအေးကျေးရွာအတွင်းရှိ မွေးမြူရေးဇုန်၌ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြသည့် မွေးမြူရေးခြံပိုင်ရှင်များအား နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေအစီအစဉ်နှင့် ပတ်သက်၍ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူများအား ပြည်နယ်စီးပွားရေးမြှင့်တင်ရေး စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ရေး ကော်မတီအဖွဲ့ တာဝန်ရှိသူများက စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက သွားရောက်တွေ့ဆုံပြီး ရင်းနှီးစွာ ဆွေးနွေးရှင်းပြခဲ့ကြကြောင်း သိရှိရသည်။
တွေ့ဆုံဆွေးနွေးကြရာတွင် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က နိုင်ငံစီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် ကရင်ပြည်နယ်အတွင်း စီမံကိန်းနှင့် ကိုက်ညီမှုရှိသော လှိုင်းဘွဲမြို့နယ်ကို ရွေးချယ်ပေးထားပြီး အမှန်တကယ် စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်နိုင်မည့် စီမံကိန်းကျေးရွာများကို သက်ဆိုင်ရာမြို့နယ်များရှိ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက်မှ အသင်းသားများ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးပါကြောင်း၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်မျိုးနိုင်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စား စက်မှု၊ လက်မှုလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ အရင်းမပျောက် မတည်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်း၊ သမဝါယမအသင်းပုံစံ၊ အစုအဖွဲ့ပုံစံဖြင့် အကောင်အထည်ဖော်ဆောင်သွားကြရန် ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ဆွေးနွေးရှင်းပြပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချစ်ဝေနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝမ်းတို့က စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူပြုစေရေး ကျေးရွာမတည်ရန်ပုံငွေများ ထူထောင်ရေး၊ သွင်းအားစုများပံ့ပိုးကူညီရေး၊ ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် စီးပွားမြှင့်မားရေးအကြောင်းအရာများ၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန်က မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည့် ခြံရှင်များအနေဖြင့် မိမိတို့၏ ကုန်ထုတ်လုပ်ငန်း တိုးတက်စေရေးနှင့် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို ဆွေးနွေးရှင်းပြပေးခဲ့ပြီး ရွာသာအေးကျေးရွာ မွေးမြူရေးနှင့် ကုန်ထုတ်သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မွေးမြူရေးခြံပိုင်ရှင်များက လုပ်ကိုင်နေကြရသည့် အခက်အခဲများ၊ ဝယ်ယူကြရသည့် တိရစ္ဆာန်နှင့် အစားအစာဈေးနှုန်း မြင့်တက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်စီးပွားရေးမြှင့်တင်ရေး စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ရေးကော်မတီအဖွဲ့ တာဝန်ရှိသူများက မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်နေကြသူများအနေဖြင့် ရာသီဥတု၊ ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်သတိပြု ကာကွယ်ကြရမည့်နည်းလမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရမည့် အကြောင်းများကို ဆွေးနွေးရှင်းပြခဲ့ကြပြီးနောက် နိုင်ငံစီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြမည့်ခြံရှင်များ၏ မြေနေရာနှင့်မွေးမြူရေးခြံ ပြင်ဆင်ထားရှိမှုများကို ကြည့်ရှု၍ လိုအပ်မှုများကို အကြံပြုဆွေးနွေးပေးခဲ့ကြသည်။
ရွာသာအေး မွေးမြူရေးဇုန်၌ ကုန်ထုတ်သမဝါယမအသင်းလီမိတက်မှ စုစုပေါင်းအသင်းသားဦးရေ (၆၀)ရှိပြီး နိုင်ငံစီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းကို ပထမဦးစွာ စတင်လုပ်ကိုင်ရန် စာရင်းပေးထားသည့် အသင်းသား(၁၂)ဦးက မွေးမြူမည့် တိရစ္ဆာန်ကောင်ရေနှင့် အစာဖိုးကျသင့်ငွေများအတွက် လိုအပ်သည့် ပံ့ပိုးချေးငွေကျပ် ၁၁၁၆၅၂၆၀၀ သိန်းအား တင်ပြတောင်ခံထားပြီး အသင်းသားများ၏ ရင်းနှီးမတည်ငွေကျပ် ၂၃၀၀ သိန်းကို ထားရှိပြီးဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် မွေးမြူရေးနှင့် ကုန်ထုတ်သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌက ရှင်းပြသည်။
နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ အနက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများက ရန်ပုံငွေများ ခွဲဝေပေးခဲ့ရာ ကရင်ပြည်နယ်အတွက်ရရှိသော ရန်ပုံငွေ ကျပ်(၈)ဘီလီယံအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်နယ်စီးပွားရေးမြှင့်တင်ရေး စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ရေးကော်မတီအဖွဲ့ထံမှ သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)