နေပြည်တော် ဒီဇင်ဘာ ၂၇

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက်အစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ခုနှစ်နိုဝင်ဘာ၂ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) ၏ သဘောတူခွင့်ပြုချက်အရ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေး စည်းမျဉ်းပြင်ဆင်ချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၇၇/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြင်ဆင်သည့်ဘဏ္ဍာရေးစည်းမျဉ်းအရ “ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီသည် ရန်ပုံငွေရရှိမှု၊ သုံးစွဲမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ ခြောက်လလျှင်တစ်ကြိမ် အစီရင်ခံစာတင်ပြရမည်”ဟု ဖော်ပြထားသဖြင့် ကော်မတီ၏ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ အစီရင်ခံစာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးခြင်းဖြင့် တွေ့ရှိရသည့် အားသာချက်၊ အားနည်းချက်များ၊ ရရှိသည့် အကျိုးကျေးဇူးများနှင့် သုံးသပ်တင်ပြ ချက်များကိုဖော်ပြလျက် တင်ပြခဲ့ပါကြောင်း။ 

ထုတ်ပြန်ထားသည့်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွင် ဖော်ပြ ထားသည့် ငွေစာရင်းထိန်းသိမ်းထားရှိရမည့် စာရင်းဇယားပုံစံများကို စနစ်တကျမှတ်တမ်းထားရှိ နိုင်ရေးအတွက်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီများရှိ သက်ဆိုင်ရာ တာဝန်ခံများကို Online စနစ်ဖြင့် သင်တန်း (၂) ရက် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါကြောင်း။

၂၀၂၃ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ကျင်းပခဲသည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်း အဝေး အမှတ်စဉ်(၆/၂၀၂၃)၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေစာရင်းမှ ငွေကျပ်ဘီလီယံ ၁၀၀ ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေသို့ လွှဲပြောင်းထည့်ဝင်ခဲ့ပြီး၊ ယင်းငွေကို ဆီထွက် သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းဆောင်ရွက်ရန်အတွက် အရင်းမပျောက် မတည်ငွေအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ၂၆ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း။

သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတွင် ယခင်က ငွေကျပ် ၄၅၂ ဘီလီယံရှိပြီး ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ထပ်မံထည့်ဝင်ခဲ့သည့် ငွေကျပ်ဘီလီယံ၁၀၀ အပါအဝင် စုစုပေါင်း ရန်ပုံငွေမှာ ကျပ် ၅၅၂ ဘီလီယံရှိပြီဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတာ ဝန်ရှိသူများအနေဖြင့် နိုင်ငံ့စီး ပွားမြှင့်တင်ရေးရန်ပုံငွေမှချေးငွေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးခြင်းနှင့် ပြန်လည်ကောက်ခံခြင်းများကို ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အကျိုးရှိစွာ စနစ်တကျ အသုံးချနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း။

ယခုအစည်းအဝေးတွင် ချေးငွေရယူထားသူများအနက် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ် မှုကြောင့် နွားမွေးမြူရေးလုပ်ငန်းနှင့် ငါးမွေးမြူရေး လုပ်ငန်းတို့တွင် ပျက်စီးဆုံးရှုံးမှုများအပေါ် ဆောင်ရွက်မည့်အစီအမံများနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြလာမှုအပေါ် တွင်လည်း ရန်ပုံငွေဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဝိုင်းဝန်းဆွေးနွေးအတည်ပြုပေးကြ ရန်ဖြစ်ပါကြောင်း  ဆွေးနွေးမှာကြားသည်။    

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ နွေစပါး၊ ပဲတီစိမ်းချေးငွေထုတ်ချေးခဲ့မှုနှင့် ပြန်လည်ကောက်ခံရရှိမှု၊ မိုးစပါးချေးငွေ ထုတ်ချေးပြီးစီးမှု၊ ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေထုတ်ချေးထားမှု၊ ဆောင်းသီးနှံချေးငွေ အချိန်မီထုတ်ချေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားမှု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များက တင်ပြလာသည့် အားသာချက်၊ အားနည်းချက်များ၊ အကြံပြုတင်ပြချက်များကိုအခြေခံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ချေးငွေထုတ်ချေးရေးလုပ်ငန်းစဉ်များအား ကြီးကြပ်ဆောင်ရွက် ရေးနှင့် ပြန်လည်သုံးသပ်ရေးကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဌက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်