ဟိုပန် စက်တင်ဘာ ၂၁
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်(၅)ဘီလီယံဖြင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းရှိ ဟိုပန်ခရိုင် နှင့် မက်မန်းခရိုင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်က တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ယနေ့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်(၅)ဘီလီယံ ထုတ်ချေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးသို့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေသည် အရင်းမပျောက်မတည် ရန်ပုံငွေဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ချေးငွေထုတ်ပေးနိုင်ရေးနှင့် သင့်တင့်သောအတိုးနှုန်း သတ်မှတ်ပေးနိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ချေးငွေထုတ်ပေးမည့် အစီအစဉ်၊ စည်းကမ်းချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေကာလ သတ်မှတ်ချက်နှင့် အတိုးပြန်လည် ပေးဆပ်ရမည့်ကာလ များကို ပြည်သူများ ရှင်းရှင်းလင်းလင်း သိရှိနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် တာဝန်ရှိသူများက ချေးငွေထုတ်ပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ငွေထုတ်/ငွေသွင်းရန်အဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ကျေးရွာ(၉)ရွာ ကွင်းဆင်းပြီးစီးမှု၊ မျိုးစေ့ထုတ်သမဝါယမ အသင်းနှင့် ရာဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းဖွဲ့စည်းပြီးစီးမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်း ကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကျေးရွာများမှ မွေးမြူရေးချေးငွေ ရယူမည့် အခြေအနေ၊ လုပ်ငန်းရှင်တစ်ဦးချင်း ချေးငွေရယူမည့် အခြေအနေ၊ ချေးငွေထုတ်ပေးနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ဘဏ်အတိုးနှုန်းကို ရှင်းလင်းတင်ပြကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌက လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)