နေပြည်တော်၊ မေ၂၈
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်၊ ကော်မတီဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဌနှင့် ညီနောင် အသင်း အဖွဲ့များမှတာဝန်ရှိသူများ တက်ရောက်ကြပြီး ၊ တိုင်းဒေသကြီး ပြည်နယ် အသီး သီးမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့်တက်ရောက်ကြကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နွေစပါး၊ မိုးစပါးစီမံကိန်း ၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစီမံကိန်း၊ အသားတိုးကြက်၊ ဉစားဘဲ၊ အသားတိုးဝက် မွေးမြူရေး စီမံကိန်း ၊ ဆက်လက်ဆောင်ရွက်မည့် စိုက်ပျိုးရေရရှိရေးစီမံကိန်းနှင့် နို့စားနွား၊ အသားတိုးနွား၊ ဥစားကြက်၊ သိုး ဆိတ် မွေးမြူရေးစီမံကိန်း ဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍဆောင်ရွက်မှုတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၌ ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းအတွက် သုံးစွဲခဲ့သည့် ချေးငွေနှင့်ဝန်ဆောင်ခအားလုံး ပြန်လည်ရရှိပြီး ဖြစ်ကြောင်း၊ ကျန်ရှိသော စီမံကိန်းလုပ်ငန်းများ၏ ချေးငွေနှင့် ဝန်ဆောင်ခများကို သတ်မှတ်ကာလ အချိန်မီရရှိရေးနှင့် အပြည့်အဝကောက်ခံရရှိရေးအတွက် တွန်းအားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက် မည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစီမံကိန်းအား ရုံးချုပ်နှင့် တိုင်းဒေသကြီး လက်ကျန်ရန်ပုံငွေ နွေစပါး ချေးငွေမှ ပြန်လည်ကောက်ခံရရှိမည့် ငွေများဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ အဆိုပြုဧကအပါအဝင် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၏ စိစစ် အဆိုပြုဧက (၉ ဒသမ ၆)သိန်း အား လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ၂၀၂၄-၂၀၂၅ခုနှစ်၊ ဆီထွက် သီးနှံ(မိုးမြေပဲ) စီမံကိန်းဧက (၁ဒသမ၀၈)သိန်းကို ဆောင်းဆီထွက်သီးနှံမှ ချေးငွေပြန်လည် ကောက်ခံရရှိမည့်ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စုစုပေါင်း ကျပ်(၃၁၈ဒသမ၉၁၄) ဘီလီယံဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး (၆)ခုနှင့် ပြည်နယ်(၄)ခုတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မွေးမြူရေးစီမံကိန်းဖြစ်သည့် အသားတိုး ကြက်၊ ဉစားဘဲ၊ အသားတိုးဝက် မွေးမြူရေးအတွက် ချေးငွေအဆိုပြု လျှောက်ထားလာသူ မွေးမြူသူ၊ မွေးမြူသူအစုအဖွဲ့များ၊ သွင်းအားစု ထောက်ပံ့သူများ၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်တို့နှင့် စီမံကိန်းလုပ်ငန်းစဉ်များ ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် မွေးမြူရေးစီမံကိန်းတွင် ပါဝင်သည့် နို့စားနွား၊ အသားတိုး နွား၊ ဥစားကြက်နှင့် သိုး ဆိတ် မွေးမြူရေးလုပ်ငန်းများကို နေပြည်တော်၊ တိုင်းဒေသကြီး (၆)ခုနှင့် ပြည်နယ် (၂)ခုတို့တွင် ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို ပြည်ထောင်စုနယ်မြေ အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၁၈)မြို့နယ်၊ တောင်သူ (၁၃၃)ဉီး၊ လုပ်ငန်း (၁၆၃)ခုမှ စိုက်ပျိုးမြေဧက (၁၄၀၀)ကျော်အတွက် စိုက်ပျိုးရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)