ကျောက်ဆည် ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အခြေခံသမဝါယမအသင်းသားများနှင့် ပူးပေါင်းစိုက်ပျိုးထားသော နွေးစပါးစိုက်ခြင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးများစိုက်ပျိုးရာတွင် တောင်ပလူကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား (၃၁)ဦး၏ လယ်မြေများတွင် (၁၅၂)ဧက၊ အရှေ့ရွာနန်းကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား (၁၈)ဦး၏ လယ်မြေများတွင် (၈၆)ဧက၊ ပုထိုးနီကျေးရွာ စံပြစိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးသမဝါယမ အသင်းသား (၃၀)၏ လယ်မြေများတွင် (၁၅၀)ဧက၊ ပင်တလည်ကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းသား (၄)ဦး၏ လယ်မြေများတွင် (၃၀)ဧက စုစုပေါင်း တောင်သူအသင်းသား (၈၃)ဦး၏ လယ်မြေ(၄၁၈)ဧကတွင် စိုက်ပျိုးထားရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
နွေစပါးသီးနှံများစိုက်ပျိုးရာ၌ သမဝါယမတောင်သူအသင်းသားများ သွင်းအားစုအခက်အခဲ မရှိစေရေး မြို့နယ်သမဝါယမဦးစီးဌာနမှ အခြေခံသဝါယမအသင်းသား တောင်သူများအား နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် စပါးတစ်ဧက စိုက်ပျိုးရန်အတွက် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ထွက်ရှိလာသည့်စပါးများ ရောင်းချရာ၌ အလွယ်တကူရောင်းချနိုင်ရေးနှင့် အကျိုးအမြတ်ရရှိရေး ဝယ်ယူကြိတ်ခွဲရေးအဖွဲ့များ ဖွဲ့စည်းထားပြီး သတ်မှတ်ကာလပေါက်ဈေးဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်၊ ကျောက်ဆည်)