၂၉ သြဂုတ်
နိုင်ငံတော်အနေဖြင့် အနာဂတ်ကာလတွင် စားနပ်ရိက္ခာဖူလုံရေး (Food Security)၊ ရေဖူလုံရေး (Water Security)နှင့် စွမ်းအင်ဖူလုံရေး (Energy Security)တို့အတွက် ဆောင်ရွက်ထားသည့် အစီအမံများ နှင့်ပတ်သက်၍ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်းက မေးမြန်းခဲ့သည်။
အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ယနေ့ကမ္ဘာကြီးတွင် လူဦးရေ တိုးတက်လာသည်နှင့်အမျှ စားနပ်ရိက္ခာဖူလုံမှုကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ ကမ္ဘာ့နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် သဘာဝကြီးပြောင်းလဲလာမှုနှင့်အတူ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းဒဏ်ခံရခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း စသည့်သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကိုလည်း ခံစားရလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ ကုန်ထုတ်စွမ်းအားနှင့် စိုက်ပျိုးမြေဧရိယာတို့အပေါ်တွင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း။
အခြေအနေအရပ်ရပ်ပေါ်သုံးသပ်ပြီး နိုင်ငံ၏ ပင်မကုန်ထုတ်လုပ်မှုကဏ္ဍကြီးဖြစ်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာ ကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံမှု၊ အာဟာရပြည့်ဝစေမှုနှင့်အတူ တောင်သူများနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ(ADS)ကို ရေးဆွဲဆောင်ရွက်ရှိပါကြောင်း။
အဆိုပါ ရည်မှန်းချက်ပြည့်မီရေး ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ ကုန်ထုတ်စွမ်းအား တိုးတက်စေမှု၊ ဈေးကွက်ချိတ်ဆက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှု စသည့်မဟာဗျူဟာမဏ္ဍိုင်(၃)ရပ်နှင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ အစိုးရ၊ လယ်သမားနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးထားပါကြောင်း၊ စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေးအတွက် ကျေးလက်အိမ်ထောင်စုများ၏ ဝင်ငွေတိုးတက်စေခြင်း၊ အာဟာရ ဆိုင်ရာအမူအကျင့် ပြောင်းလဲစေရေး ပညာပေးခြင်း၊ အိမ်ခြံတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း၊ အမယ်စုံသီးနှံစိုက်ပျိုးခြင်းနှင့် အိမ်တွင်းမှုလုပ်ငန်းများကဲ့သို့သော လုပ်ငန်းများဖြစ်ပေါ်စေရေး တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
စားနပ်ရိက္ခာဖူလုံမှုအနေဖြင့် ထုတ်လုပ်မှုမြင့်မားလာစေရန် ဈေးကွက်ဝင်သီးနှံများ၊ အရည် အသွေးနှင့် အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရန်၊ ပုဂ္ဂလိက၊ တောင်သူများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုနည်းပညာ၊ သီးနှံကာကွယ်ရေး၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းရေး၊ လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရေး လုပ်ငန်းအစီအမံများနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မျိုးကောင်း မျိုးသန့်များ လုံလောက်စွာ ဖြန့်ဖြူးစိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်နည်းပညာနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)ဖြစ်ထွန်းကျယ်ပြန့်လာစေမှုနှင့်အတူ တစ်ဖက်တွင်လည်း လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းလာစေရေး လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
မွေးမြူရေးကဏ္ဍတွင် အသားထုတ်လုပ်မှုအတွက် ကြက်၊ ဝက်၊ သိုး/ဆိတ် စသည့် တိရစ္ဆာန် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အလေးပေးဆောင်ရွက်လျက်ရှိသကဲ့သို့ တိရစ္ဆာန်မျိုးကောင်းမျိုးသန့် ထိန်းသိမ်းခြင်းနှင့် မျိုးထုတ်လုပ်ခြင်းများအပြင် သားစပ်လုပ်ငန်း မြှင့်တင်ခြင်းနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း။
ငါးရိက္ခာဖူလုံစေရန်အတွက်လည်း ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practice – GAqP)အပါအဝင် ခေတ်မီမွေးမြူရေး နည်းစနစ်များဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ သဘာဝ ရေချို/ရေငန် ငါးသယံဇာတများကို ရေရှည်ဖမ်းဆီး ထုတ်လုပ်နိုင်ရန်အတွက်လည်း ဥပဒေများနှင့် ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါကြောင်း။
အနာဂတ်တွင် ရေရှားပါးလာနိုင်မှု အခက်အခဲအား ဖြေရှင်းနိုင်ရေးနှင့် ဒေသလိုအပ်ချက်အပေါ် မူတည်ပြီး ရရှိနိုင်သည့် ရေအရင်းအမြစ်များကို ဖော်ထုတ်အသုံးချနိုင်ရေးအတွက် တွက်ဆကြိုးပမ်း လုပ်ကိုင်လျက်ရှိပါကြောင်း၊ နိုင်ငံအဝှမ်း တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် မြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေ၊ သောက်သုံးရေပေးဝေခြင်း၊ ဆည်/ကန်များ လိုအပ်သလို ပြုပြင်မွမ်းမံခြင်းနှင့် အသစ်တည်ဆောက်ပေးခြင်း၊ စက်ရေတွင်းများ တူးဖော်ပေးခြင်း၊ စိမ့်စမ်းရေသွယ်လုပ်ငန်းများဆောင်ရွက်ခြင်း စသည့်လုပ်ငန်းစဉ်များကို ဦးစားပေး အစီအစဉ်အလိုက် လိုအပ်ချက်နှင့်အညီ စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှလည်း ရေဖူလုံရေးနှင့် ပတ်သက်ပြီး “ပြည်သူများရဲ့ အသက်မွေးဝမ်းကျောင်း ရေရှည်ဖွံ့ဖြိုးရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန့်ရှင်းသောရေ ဖူလုံစွာ စဉ်ဆက်မပြတ်ရရှိရန်” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါကြောင်း။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်(SDG)၏ အဓိကရည်မှန်းချက်မှာ ရေဖူလုံရေးသည် (Basic Service) မဟုတ်ဘဲ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးသည် (Better Service) ဖြစ်ပါကြောင်း၊ WHO နှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်နေသော Joint Monitoring Programme (JMP) – 2017 စစ်တမ်းအရ မြန်မာနိုင်ငံ၏ အခြေခံရေပေးရေးစနစ် ဝန်ဆောင်မှု (Basic Service)ကို မြို့ပြတွင် (၈၂ ရာခိုင်နှုန်း)၊ ကျေးလက်ဒေသတွင် (၆၀ ရာခိုင်နှုန်း) နှင့် (Limited Service)ကို မြို့ပြတွင် (၉ ရာခိုင်နှုန်း )၊ ကျေးလက်ဒေသတွင် (၁၅ ရာခိုင်နှုန်း)ရရှိပြီး ဖြစ်ပါကြောင်း။
ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆)နှင့်အညီ ၂၀၃၀ ခုနှစ်တွင် လူသားတိုင်း သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရန်အတွက် ကျေးလက်ရေရရှိရေး မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းမဟာဗျူဟာနှင့် ရင်းနှီး မြှုပ်နှံမှုအစီအစဉ်အရ ၂၀၂၀ ခုနှစ်တွင် ကျေးလက်နေလူဦးရေ၏ (၇၀ ရာခိုင်နှုန်း )၊ ၂၀၂၅ ခုနှစ်တွင် (၈၅ ရာခိုင်နှုန်း ) နှင့် ၂၀၃၀ ခုနှစ်တွင် (၁၀ဝ ရာခိုင်နှုန်း ) မျှော်မှန်းပြီး အခြေခံရေပေးရေးဝန်ဆောင်မှုအား အဓိကထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
လုံခြုံစိတ်ချရသော ရေပေးရေးစနစ်များ (Safely Managed Services) ဖြစ်လာစေရေးအတွက် Basic Service ဆောင်ရွက်ပြီး ကျေးရွာများတွင် ပုံမှန်ရေပေးရေးဝန်ဆောင်မှု၊ ရေမီတာသုံး အိမ်သွယ်ရေတိုင်စနစ် အကောင်အထည်ဖော်မှု၊ ရေသန့်စင်စနစ်များ စသည်တို့ကို သက်ဆိုင်ရာ ဌာနများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ NGOs၊ INGOs များဖြင့် ပူးပေါင်းပြီး ရန်ပုံငွေနှင့် နည်းပညာအကူအညီများအား ရယူဆောင်ရွက်သွားရန် စီမံထားရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ယနေ့ကာလအထိ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် တစ်နိုင်ငံလုံးအနှံ့ မရရှိနိုင်သေးသော အခြေအနေဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ လူဦးရေသန်းခေါင်စာရင်းအရ အိမ်ထောင်စုပေါင်း (၁၀ ဒသမ ၈၈)သန်းခန့်ရှိသည့်အနက် ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ အိမ်ထောင်စုပေါင်း (၄ ဒသမ ၈၇)သန်း လျှပ်စစ်မီးသုံးစွဲနိုင်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်အကုန်တွင် လျှပ်စစ်မီးသုံးစွဲသူ ၅၀ ရာခိုင်နှုန်း အထိ တိုးတက်သုံးစွဲနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်အနေဖြင့် ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးစီမံကိန်း National Electrification Project (NEP)ကို ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီး အမျိုးသားလျှပ်စစ်မီးလင်းရေးစီမံချက် ရေးဆွဲ ဆောင်ရွက်နေမှုကို အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ မဟာဓာတ်အားလိုင်း ပြင်ပစနစ်(Off-grid) စနစ်နှင့် မဟာဓာတ်အားလိုင်း(On-grid)စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ကို ဖူလုံစွာ ဖြည့်ဆည်းနိုင်ရေးအတွက် Economic Research Institute for ASEAN and East Asia နှင့် ပူးပေါင်းပြီး Natural Gas Master Plan (up to 2040) ကို ရေးဆွဲပြုစု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိတွင် လစ်လပ်လျက်ရှိသော ကုန်းပိုင်း၊ ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများကို ပြည်တွင်း/ပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထွက်ရှိလာသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းစွမ်းအင်ဖူလုံရေးအတွက် ဦးစားပေးဖြည့်ဆည်းသွားရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကွန်ရက် စီမံကိန်းများ၊ ရေနံချက်စက်ရုံစီမံကိန်းများကဲ့သို့ ကာလရှည်စီမံကိန်းများချမှတ်ပြီး စီမံကိန်း အဆင့်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဟာဓာတ်အားလိုင်းနှင့် (၁၀)မိုင်အထက် ဝေးကွာသောဒေသများ၊ နောင် (၁၀)နှစ်/(၁၅)နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အား မရရှိနိုင်သောကျေးရွာများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များဖြစ်သည့် ဆိုလာ၊ ရေအား၊ ဘူမိစွမ်းအင်နှင့် ဇီဝစွမ်းအင်များ အသုံးပြုပြီး တစ်အိမ်သုံး ဆိုလာစနစ်နှင့် အသေးစားဓာတ်အားပေးစနစ်များဖြင့် မီးရရှိသုံးစွဲနိုင်ရေး နှစ်အလိုက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
MDN


