နိုင်ငံ၏ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများကို အဓိကထိုးနှက်နေသည့်အချက်သည် တရားမဝင် ကုန်သွယ်မှုများဖြစ်၊ နိုင်ငံ့စီးပွားရေးမောင်းနှင်အား ကောင်းမွန်စေရန်၊  စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအဟန့်အတားဖြစ်သည့် တရားမဝင်ကုန်သွယ်မှုကို ယခုထက်ပိုမိုထိရောက်စွာ တားဆီးစစ်ဆေး အရေးယူရန်လိုအပ်

 

နေပြည်တော်၊ အောက်တိုဘာ ၉

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၅/၂၀၂၃)ကို   ယနေ့  မွန်းလွဲ  ၂  နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌  ကျင်းပရာ   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်   ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် တရားမဝင် ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော် ဝန်ကြီးချုပ်က  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများနှင့် တွေ့ဆုံရာတွင်  “တရားမဝင် ကုန်သွယ်မှုကို  နိုင်ငံတော်မှ  တိုက်ဖျက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိ‌ကြောင်း၊ နယ်စပ် ကုန်သွယ်မှုများတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ့ဝင်ငွေများကို ထိခိုက် နစ်နာစေလျက် ရှိကြောင်း၊  ပြည်ပသို့ ကုန်သွယ်မှုများ  ဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊  ဥပဒေကို ဖောက်ဖျက်ဆောင်ရွက်မှုများကို ဖော်ထုတ် အရေးယူသွားရန်လိုကြောင်း” ဟု လမ်းညွှန် မှာကြားထားပါကြောင်း။

 

တရားမဝင်ကုန်သွယ်မှုကို ယခုထက် ပိုမိုထိရောက်စွာ တားဆီးစစ်ဆေးအရေးယူရန်လိုအပ်

 

ထို့ပြင်  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ  အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “နိုင်ငံတစ်ခုတွင် စီးပွားရေးမောင်းနှင်အား၊ နိုင်ငံရေး မောင်းနှင်အားနှင့် ကာကွယ်ရေး မောင်းနှင် အား  ကောင်းမွန်နေရန်လိုအပ်ကြောင်း၊ ယင်းအထဲတွင် စီးပွားရေးမောင်းနှင်အား ကောင်းမွန်လာသည်နှင့် အမျှ နိုင်ငံရေးနှင့် ကာကွယ်ရေးစွမ်းအားများ၊  တစ်နည်းအားဖြင့် နိုင်ငံရေးနှင့်ကာကွယ်ရေးမောင်း နှင်အားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး  အင်အားကောင်းသည့်  နိုင်ငံ တစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း” ဟု ပြောကြားခဲ့ကြောင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက်  ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု အဓိကဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊  နိုင်ငံ၏ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများကို  အဓိကထိုးနှက်နေသည့် အချက်သည် တရားမဝင်ကုန်သွယ်မှု များဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် တရားမဝင် ကုန်သွယ်မှုများရှိသော်လည်း မိမိတို့နိုင်ငံတွင် တရားမဝင် ကုန်သွယ်မှုများသည် ခေတ်အဆက်ဆက် ကျယ်ပြန့်စွာ အမြစ်တွယ် ကြီးထွားနေသည့်အတွက် ယင်းကို ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း အရေးယူမှုများကို‌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မှန်မှန်ကန်ကန်နှင့် မဆောင်ရွက်နိုင်ပါက နိုင်ငံ၏စီးပွားရေးကို ထိခိုက်သည့်အပြင် မိမိတို့ဆောင်ရွက်နေသည့် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကိုလည်း များစွာထိခိုက်စေပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားရေး မောင်းနှင်အား ကောင်းမွန်စေရန်၊ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက အဟန့်အတားဖြစ်သည့် တရားမဝင် ကုန်သွယ်မှုကို ယခုထက်ပိုမိုထိရောက်စွာ တားဆီးစစ်ဆေးအရေးယူရန် လိုအပ်ကြောင်း။

 

ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်လအတွင်း ထူးခြားဖြစ်စဉ်အနေဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရေယာဉ်၊ မီးရထား၊ မော်တော်ယာဉ်များဖြင့် တရားမဝင်ပြောင်းဆန်သယ်ယူမှုအား ဖော်ထုတ်အရေးယူနိုင်ခဲ့ပါကြောင်း၊ အလားတူ ရန်ကုန်တိုင်းဒေသကြီးကို ဖြတ်ကျော်၍ တရားမဝင် ပြောင်းဆန်များ တင်ပို့ရန်ကြိုးပမ်းမှုကိုလည်း တားဆီးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် သီလဝါအထူး စီးပွားရေးဇုန်တွင် ကွန်တိန်နာ ၁၁ လုံး တရားမဝင်ထုတ်ယူမှုနှင့် ပတ်သက်၍ ဖော်ထုတ် နိုင်ခဲ့ပါကြောင်း။

 

ထူးခြားဖြစ်စဉ်များ

 

ထူးခြားဖြစ်စဉ်များအနေဖြင့် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ဩဂုတ်လ ၂ ရက်နေ့တွင် မော်လမြိုင် ဘူတာသို့ ဆိုက်ရောက်ကုန်တင်တွဲ ငါးတွဲ၌ သတင်းအရ မသင်္ကာဖွယ်တွေ့ရှိ၍ စိစစ်ရာ တင်ပို့လိုင်စင်နှင့် QR Code မပါ အထောက်အထားမဲ့ ပြောင်းစေ့အိတ် ၁၆၅၉ အိတ် ဆက်စပ်အမှုအရ ပဲခူး၊ မောင်လမြိုင် လမ်းကြောင်းတစ်လျှောက် ကုန်တွဲ ၅၁ တွဲ၊ ပဲခူးဘူတာမှ မသင်္ကာဖွယ် ၃၇ တွဲကို ဖော်ထုတ်နိုင်ခဲ့ကြောင်း။

 

အလားတူ မရမ်းချောင်စစ်ဆေးရေး ဂိတ်၌ အထောက်အထားမဲ့ မော်တော်ယာဉ်ရှစ်စီးကို တားဆီးနိုင်ခဲ့ကြောင်း၊ ထူးခြားမှုအနေဖြင့် ရေကြောင်းဖြင့် တရားမဝင်တင်ပို့မှုကို တားဆီးနိုင်ခဲ့ပါကြောင်း၊ ရန်ကုန်မှ မော်လမြိုင်ဘက်သို့ ထွက်ခွာလာသည့် သင်္ဘောပေါ်တွင် အထောက်အထားမဲ့ ပြောင်းစေ့အိတ်များ တွေ့ရှိရသည့်အတွက် ရေယာဉ်မှူးနှင့် ကုမ္ပဏီပိုင်ရှင်တို့၏ ကနဦးထွက်ဆိုချက်များ ကွဲလွဲနေသည့်အတွက် ဆက်လက်ဖော်ထုတ်ခဲ့ပါကြောင်း၊ ရထားတွဲ ၈၈ တွဲ၊ ရေယာဉ်တစ်စင်း၊ မော်တော်ယာဉ်ရှစ်စီးပေါ်တွင် တရားမဝင်အထောက်အထားမဲ့ ပြောင်းစေ့အိတ် ၉၁၃၅၉ အိတ် (တန်ချိန် ၄၅၆၇ ဒသမ ၉၅ တန်) နှင့် ကာလ တန်ဖိုးငွေကျပ် ၂ ဒသမ ၉ ဘီလီယံကျော် တရားမဝင်ပို့ကုန်အဖြစ် ဆောင်ရွက်ရန်ကြိုးပမ်းစဉ် သက်ဆိုင်ရာ ပြည်သူ့ဝန်ထမ်းကောင်းများ၏ ကြိုးပမ်းမှုအရ တားဆီးဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ထို့အတွက် စီမံကြီးကြပ်သူများနှင့် စေ့စပ်စွာ ဆောင်ရွက်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်းကောင်းများကိုလည်း ဂုဏ်ပြုဝမ်းမြောက်ပါကြောင်းနှင့် မှတ်တမ်းတင်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ဆုပေးဒဏ်ပေးစနစ် ကျင့်သုံး၍ ဝန်ထမ်းကောင်းများကို ထိုက်သင့်သည်များ ဂုဏ်ပြုချီးမြှင့်သွားရမည်ဖြစ်ပြီး တားမြစ်ထားသည့် စည်းမျဉ်းစည်းကမ်းဥပဒေများနှင့် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါကလည်း ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနအနေဖြင့် ဖမ်းဆီးရရှိမှုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းကောင်းများကို ထိုက်သင့်သည်များ ဂုဏ်ပြုချီးမြှင့်ရန် လိုကြောင်း။

 

စီမံဆောင်ရွက်နိုင်ခဲ့

 

ဖမ်းဆီးရရှိသည့် အထောက်အထားမဲ့ ပစ္စည်းများနှင့်စပ်လျဉ်း၍ အလဟဿ လေလွင့်ပျက်စီး ဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံဘဏ္ဍာအဖြစ် အမြန်ဆုံးသိမ်းယူနိုင်ရေး၊ တရားမဝင် ကိုယ်ကျိုးစီးပွားအတွက် သတ်မှတ်တရားဝင်ဆောင်ရွက်ရသည့် လုပ်ငန်းများကို မဆောင်ရွက်နိုင်ခဲ့ကြသည့် ကုမ္ပဏီများကို နိုင်ငံတော်၏အကျိုးစီးပွားထိခိုက်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည့်အတွက် အမြန်ဆုံးထိရောက်စွာ အရေးယူနိုင်ရေး အရေးပေါ်အထူးအစည်း အဝေးကျင်းပပြီး ဥပဒေကြောင်းအရ အရေးယူနိုင်ရေးနှင့် သိမ်းဆည်းပစ္စည်းများ အမြန်ဆုံးလေလံတင်ရောင်းချနိုင်ရေး အပါအဝင် လုပ်သင့်သည်များလုပ်ဆောင် နိုင်ရန် စီမံဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ပြောင်းစေ့များ မပျက်စီးမဆုံးရှုံးဘဲ ပြန်လည်ထုခွဲ ရောင်းချနိုင်ခဲ့သည့်အတွက် မူလခန့်မှန်းခဲ့သည့် ငွေကျပ် ၂ ဒသမ ၉ ဘီလီယံထက် ကျော်လွန်ပြီး ငွေကျပ် ၃ ဒသမ ၀၅၇ ဘီလီယံရရှိခဲ့သည့်အတွက် မူလထက် သိန်းပေါင်း ၈၀၀ ကျော် ပိုမို၍ ပြည်သူ့ဘဏ္ဍာအဖြစ် ရရှိခဲ့ပါကြောင်း။

 

သီလဝါအထူး စီးပွားရေးဇုန်တွင် နိုင်ငံတော်၏ ပို့ကုန်၊ သွင်းကုန်များစနစ် တကျဆောင်ရွက်လျက်ရှိပြီး G to G လည်း ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်မှုအပေါ်တွင် အချို့ကုမ္ပဏီများ အနေဖြင့် တင်သွင်းလာသည့်ကုန်ပစ္စည်းများမှာ သွင်းကုန်လိုင်စင်မရှိဘဲ အခြားကုမ္ပဏီများ၏ သွင်းကုန်လိုင်စင်များကို အလွဲသုံးစားလုပ်ပြီး ၎င်းတို့၏သွင်းကုန် ပစ္စည်းများကို တင်သွင်းရန် ကြိုးစား ဆောင်ရွက်မှုများကို ပြည်သူ့ဝန်ထမ်းကောင်းများက ဖော်ထုတ်တားဆီးပေးနိုင်ခဲ့သည့်အတွက် သွင်းကုန်ပစ္စည်း ကီလို သုံးသိန်းကျော် ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၉ သန်းကျော်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ယင်းသို့ ဥပဒေမဲ့ဆောင်ရွက်ခဲ့သည့် သက်ဆိုင်ရာ ကုမ္ပဏီများကိုလည်း အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ဖမ်းဆီးရရှိမှုများမှာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ၏ ဆောင်ရွက်ချက်များဖြစ်ပါကြောင်း။

 

မိမိတို့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အမှုတွဲ ၆၁၁ မှု (တန်ဖိုးငွေကျပ် ၁၀၄၄၅ ဒသမ ၇၄၂ သန်း) ဖြစ်ပြီး ဩဂုတ်လတွင် အမှုတွဲ ၅၄၀ (တန်ဖိုးငွေကျပ် ၁၂၄၃၄ ဒသမ ၂၄၄ သန်း)ဖမ်းဆီးရရှိခဲ့ကြောင်း၊ ကာလတူ ၂၀၂၂ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လနှိုင်းယှဉ်ရာ ယခင် ဇူလိုင်လ တွင် အမှုတွဲ ၃၆၉ မှု (တန်ဖိုးငွေကျပ် ၆၁၀ ဒသမ ၃၈၈ သန်း)နှင့် ဩဂုတ်လတွင် အမှုတွဲ ၄၈၀(ခန့်မှန်းငွေကျပ် ၇၀၀၂ ဒသမ ၆၁၃ သန်း)ဖြစ်ကြောင်း၊ ယခင်နှစ်ထက် ဖမ်းဆီးအမှုတွဲနှင့် ဖမ်းဆီးရမိတန်ဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့သော်လည်း သွင်းကုန်အပြင် ပို့ကုန်အပိုင်းများပါ တရားမဝင် ကုန်သွယ်မှုများ ရှိနေဆဲဖြစ်သည်ဟု ဖော်ပြနေသည့်အတွက် တရားမဝင် ကုန်သွယ်မှုများမရှိစေရေးကို သွင်းကုန်ပိုင်းနှင့် ပို့ကုန်ပိုင်းများကိုပါ ယခင်ကထက် အထူးအဖွဲ့များက စေ့စေ့စပ်စပ် ဖော်ထုတ်ဖမ်းဆီးသွားရန် လိုကြောင်း။

 

ထို့ပြင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ သွင်းကုန်အပြင် ပို့ကုန်များအတွက်ပါ မော်တော်ယာဉ်၊ ရေယာဉ်၊ မီးရထားအပါအဝင် ယခုအခါ ကုန်တင်လေယာဉ်များဖြင့် ကုန်ပစ္စည်း တင်ပို့နေပြီဖြစ်သည့်အတွက် လေကြောင်းအတွက်ပါ SOP များကို စနစ်တကျ နောက်ဆုံး အခြေအနေနှင့်အညီ ရေးဆွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် အဓိကအထောက်ကူပြုမည့် e-lock စနစ်ဖြင့် ကုန်ပစ္စည်း စစ်ဆေးရေး ပို့ဆောင်ရန်အတွက် Pilot Project (၆) လ ဆောင်ရွက်လျက်ရှိ ကြောင်း၊ Pilot Project ဖြင့် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို မိမိတို့ဆောင်ရွက်လိုသည့် E-Lock စနစ်ဖြင့် ကုန်သေတ္တာနှင့် အလုံပိတ်ယာဉ်များ အသုံးပြုသည့် ကုန်ပစ္စည်းများပို့ဆောင်မှုကို Phase အလိုက် အားသာချက်၊ အားနည်းချက် ဖော်ထုတ်၍ နိုင်ငံတစ်ဝန်းလုံး ပို့ဆောင်နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် မိမိတို့အားလုံးက အားတက်သရော ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

ဖမ်းဆီးရမိသည့် ပြောင်းစေ့များသည် ပျက်စီးလွယ်သည့် ပစ္စည်းများဖြစ်သည့်အတွက် ဥပဒေအရ အမြန်ဆုံးအရေးယူ ဆောင်ရွက်နိုင်ရေး အကောက်ခွန်ဥပဒေနှင့် ပို့ကုန်/သွင်းကုန် ဥပဒေဖြင့် ဆောင်ရွက်နိုင်ခဲ့၍ ပစ္စည်းများကို မပျက်မစီးဘဲ ထုခွဲရောင်းချနိုင်ခဲ့သည့်အပြင် စနစ်တကျ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မူလခန့်မှန်းထားသည့် ငွေပမာဏများထက် ပိုမိုရရှိခဲ့ပါကြောင်း၊ ယင်းမှာ လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွင်ရှိပြီး ဥပဒေအပေါ် ဝိုင်းဝန်းစဉ်းစားခဲ့ပြီး လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ အကောက်အခွန်ဥပဒေ အပိုင်းတွင် မူလထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေရှိပါကြောင်း၊ အဆိုပါ ဥပဒေပိုင်းတွင်လည်း ပိုင်ရှင်ဘက်မှ ထိခိုက်နစ်နာမှုမရှိစေရေး လုပ်ထုံးလုပ်နည်းများကြောင့် ပို့ကုန်/သွင်းကုန် ဥပဒေကဲ့သို့ အရေးယူခြင်း၊ ပြည်သူ့ဘဏ္ဍာသိမ်းဆည်း ခြင်းအပိုင်းတို့တွင် ကြန့်ကြာမှုရှိသင့်သလောက် ရှိပါကြောင်း၊ သို့ဖြစ်၍ အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေမှုရှိစေရန်နှင့် ဖမ်းဆီးရရှိသည့်ပစ္စည်းများ ဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ရန် လိုအပ်ပါကလည်း ပြင်ဆင်ရန်စဉ်းစားသင့်ပါကြောင်း၊ ဥပဒေကို လူကပြုစုခြင်းဖြစ်၍ လူကပင် ပြင်ဆင်၍ရပါကြောင်း၊ အကျိုးအကြောင်း ခိုင်လုံရန်လိုအပ်ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ခေတ်အဆက်ဆက် မိမိတို့နိုင်ငံတွင် အမြစ်တွယ်ခဲ့သည့်အတွက် ပို့ကုန်၊ သွင်းကုန်များအပါအဝင် စက်သုံးဆီ၊ စားသုံးဆီများနှင့်စပ်လျဉ်း၍ ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံစီးပွားရေးနှင့် စီးပွားရေးမောင်းနှင်အားကို ထိခိုက်စေမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးသည် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုသကဲ့သို့ တစ်ဖက်ကလည်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို တားဆီးပေးနေသည့် လုပ်ငန်းဖြစ်သောကြောင့် တာဝန်ရှိသူများက ယခင်ကထက်ပိုမို၍ ဆောင်ရွက်သွား ကြရန်လိုကြောင်း ပြောကြားသည်။

 

ရှင်းလင်းတင်ပြ

 

ထို့နောက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ဦးဆောင်ကော်မတီ အစည်းအဝေး (၄/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက် မှုများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူ၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်တို့က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၃)သို့ တင်ပြလာသည့် အမှာစာများကို ဖတ်ကြားတင်ပြကြသည်။

 

ဆက်လက်၍ ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦထွန်းအုံတို့က တရားမဝင် ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊ E-Lock စနစ်ဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေများ၊ နည်းဥပဒေများ ကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတု ပစ္စည်းများ၊ တရားမဝင်ယာဉ်များ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း ဖမ်းဆီးရမိမှုများနှင့် ကာကွယ် တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားမဝင် Online မှ ကုန်ပစ္စည်းများ ရောင်းချနေမှု၊ QR Code အသုံးပြု ဆောင်ရွက်နေမှု ကိစ္စရပ်များနှင့်စပ်လျဉ်း ၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြသည်။

 

ဖတ်ကြားတင်ပြ

 

ယင်းနောက် ဦးဆောင်ကော်မတီရုံး လုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ အစည်းအဝေး(၅/၂၀၂၃) ဆုံးဖြတ်ချက်(မူကြမ်း)များကို ဖတ်ကြား တင်ပြသည်။

 

ဆက်လက်၍ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်