နိုင်ငံ၏ ကုန်ထုတ်စွမ်းအားမြင့်မားကာ အမှန်တိုးတက်မှုဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်း

ရန်ကုန် ၂၄ ဩဂုတ် 


မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်းခြင်းကို ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ဩဂုတ် ၂၂ ရက်က ကျင်းပသည်။


မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းကို နာယကအဖြစ် ဒေါက်တာ ခင်ရွှေ၊ ဥက္ကဋ္ဌအဖြစ် ဦးကိုကိုထွေးနှင့် အတွင်းရေးမှူးအဖြစ် ဦးကျော်ဝင်းတို့ဖြင့် စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရ သည်။ နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူပြုရန်အတွက် နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းရှင်များကို ပေါင်းကူးတံတားသဖွယ် လွယ်ကူ လျင်မြန်စွာ ဆက်သွယ်နိုင်ရန်၊ စီးပွားရေး လုပ်ငန်းများ တစ်ခုနှင့်တစ်ခု ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်းဖြင့် စီးပွားရေး လုပ်ငန်းရှင်များ၏ လိုအပ်ချက်ကို အလွယ်တကူ ဖြည့်ဆည်းနိုင်ရန်၊ စီးပွား ရေးလုပ်ငန်းတိုင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုး စေရန်အတွက် နည်းပညာ၊ နည်းစနစ်များ မှန်ကန်မြန်ဆန်စွာ ရောက်ရှိနိုင်ရန်၊ ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ဦးဆောင်ဦးရွက်ပြုသည့် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းလက်တွဲနိုင်ရန် အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 


မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင် များအသင်း ထူထောင်ရခြင်းနှင့် ပတ်သက်၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် ဦးကိုကိုထွေးက ''ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ထဲမှာ ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မား လာအောင် တိုးတက်မှသာ တိုင်းပြည်ရဲ့ အမှန်တိုးတက်မှု ဖြစ်ပေါ်မှာဖြစ်ပါတယ်။ ကုန်ထုတ်လုပ်ငန်း တိုးတက်မှုဟာ ကျွန်တော်တို့နိုင်ငံမှာ တော်တော်လေး နည်းပါးနေတာကို တွေ့မြင်ရမှာဖြစ်ပါ တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ နည်းပညာကောင်းတွေ၊ နည်းစနစ် ကောင်းတွေကို အကျိုးရှိစွာအသုံးချနိုင်ဖို့၊ ပြုစုပျိုးထောင်ပေးမယ့် လုပ်ငန်းငယ်တွေ ကို ပြုစုပျိုးထောင်ပေးဖို့ လိုအပ်နေတယ် ဆိုတာကို တွေ့ရပါတယ်။ ဒါတွေကို ပြုစု ပျိုးထောင်ပေးခြင်းအားဖြင့် ကျွန်တော်တို့ လုပ်ငန်းရှင်တွေ အားလုံးအတွက် အထောက်အကူပြုမယ် ဆိုတာကို ယုံကြည်တဲ့အတွက် ဒီအသင်းကြီးကို ထူထောင်ရခြင်းဖြစ်ပါတယ်''ဟု အသင်း ဖွဲ့စည်းခြင်းအခမ်းအနား၌ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့သည်။ 


နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် ကို ပါဝင်မြှင့်တင်ရင်း အခက်အခဲများကို စုပေါင်း ဖြေရှင်းနိုင်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ဘဏ် လုပ်ငန်းရှင်များ၊ ငါးလုပ်ငန်းရှင်များ၊ ပုစွန် လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင် များ၊ ကန်ထရိုက်တာလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ စုဝေးတိုင်ပင်၍ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းတည်ထောင်ရန် အဆိုပြုခဲ့ကြခြင်းဖြစ်သည်။


အသင်းအနေဖြင့် နိုင်ငံတော်နှင့် အစိုးရအဖွဲ့အစည်းများက တောင်းဆိုလာ ပါက အခြေအနေမှန်များကို တင်ပြပေး ခြင်း၊ ဖြစ်နိုင်သောနည်းလမ်းများဖြင့် အကူအညီပေးခြင်း စသောအလုပ်များကို နိုင်ငံနှင့် လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်း အောင် ဆောင်ရွက်ပေးမည်ဖြစ်သည်။


မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း များသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျံ့နှံ့စွာတည်ရှိနေသည့်အတွက် ၎င်းတို့ အားလုံးကို စုစည်းဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။ အသင်းလုပ်ငန်း များဆောင်ရွက်ရာတွင် အသင်းဝင်များ ထံမှ ဝင်ကြေးနှင့် လစဉ်ကြေးများ ကောက်ခံမည်မဟုတ်ဘဲ ဗဟိုကော်မတီ ဝင်များနှင့် ကော်မတီအသီးသီးတွင် တာဝန်ယူကြမည့် ပုဂ္ဂိုလ်များထံ စေတနာ ဖြင့် ထည့်ဝင်မည့် ရန်ပုံငွေကိုသာ အဓိကထား အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။


ထင်ပေါ်ဝင်း(ကမာရွတ်) 


ဓာတ်ပုံ - ထိန်လင်း