ဘားအံ      ဩဂုတ်       ၂၆

 

ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်ခဲ့သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပီတန်း အားကစားနည်း၌ တတိယဆု ရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားနှင့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သော အုပ်ချုပ်သူ၊ နည်းပြအဖွဲ့နှင့် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

 

ဂုဏ်ပြုပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဂုဏ်ပြုအားပေးစကား ပြောကြားပြီး ၂၀၂၂ ခုနှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကစားသမားနှင့် ကရင်ပြည်နယ် ဂျူဒိုအသင်း အုပ်ချုပ်သူ/နည်းပြ၊ ကစားသမားများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ်က အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပီတန်းအားကစားနည်း၌ တတိယဆု ရရှိခဲ့သော နန်းကံ့ကော်သန့်ဇင်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သော နန်းချောစုပိုတို့အား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ဂျူဒိုပြိုင်ပွဲ (-၄၈) ကီလိုတန်း၌ ငွေတံဆိပ်ရရှိသော နော်သက်ထားပျိုအား လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ဂျူဒိုပြိုင်ပွဲ (-၄၅) ကီလိုတန်း၌ ကြေးတံဆိပ်ဆုရရှိသော နန်းစန္ဒာစိုးအားလည်းကောင်း၊ စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်က (-၆၃)ကီလိုတန်း၌ ကြေးတံဆိပ်ဆုရရှိသော နန်းမိုးပွင့်ဖြူအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက (-၆၀)ကီလိုတန်း၌ ကြေးတံဆိပ်ဆုရရှိသော မောင်ထက်ကိုဝင်းအား လည်းကောင်း၊ လူမှုရေးဝန်ကြီး ဦးစိုးလွင်က ကရင်ပြည်နယ် ဂျူဒိုအသင်း အုပ်ချုပ်သူ/နည်းပြများအားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ကြသည်။

 

ယင်းနောက် ကရင်ပြည်နယ် ဂျူဒိုအသင်း အုပ်ချုပ်သူ ဘားအံမြို့နယ် အားကစားမှူး နော်ဩလျဖောက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)