ရန်ကုန် ၂၈ မေ

 


လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို နိုင်ငံတော်ရန်ပုံငွေဖြင့်သာမက နိုင်ငံခြားအကူအညီ အထောက်အပံ့၊ ချေးငွေများဖြင့်ပါ ဆောင်ရွက်လျက်ရှိရာ ဘတ်ဂျက်တောင်းခံမှုနှင့် ချေးငွေစာချုပ် လက်မှတ်ရေးထိုးခြင်း လုပ်ငန်းများကို အချိန်ကိုက်ဆောင်ရွက်ရန် အရေးကြီးကြောင်း ဒေါက်တာအောင်သူက ပြောကြားသည်။ 

 

စီမံကိန်းဆိုင်ရာ ငွေကြေးသုံးစွဲမှုများတွင် အားနည်းချက်များ လေလွင့်မှုများ မဖြစ်ပေါ်စေရေးအပြင် သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် မူလမျှော်မှန်းချက် ရည်ရွယ်ချက်များအတိုင်း ထိရောက်အောင်မြင်ရေးကိုလည်း အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း  ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံခြားချေးငွေ စီမံကိန်းများဆိုင်ရာ ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ထိုကဲ့သို့ ဆွေးနွေးပြောကြားခြင်း ဖြစ်သည်။ 


      
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားအကူအညီ အထောက်အပံ့၊ ချေးငွေစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် စီးပွားရေးကော်မတီတို့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ညှိနှိုင်းဆဲဖြစ်ပါက စာချုပ်ပါ ညှိနှိုင်းချက်များ အမြန်ပြီးစီးရေးနှင့် စာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက်ရန်၊ ချုပ်ဆိုပြီးသော အကူအညီ၊ အထောက်အပံ့၊ နည်းပညာနှင့်ချေးငွေ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်မှုကို အမြန်စတင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများအား နှိုးဆော်ရန်၊ လက်ရှိ အကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းစီမံချက်များအား အကျိုးရှိထိရောက်သည့် စီမံချက်များဖြစ်စေရန်နှင့် လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ရာနှုန်းပြည့်မြန်ဆန်စွာ ပြီးစီးရေး တာဝန်ယူဆောင်ရွက်ကြရန် လိုအပ်ချက်များကို  ဆွေးနွေးပြောကြားသည်။
    

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး နိုင်ငံခြား အကူအညီ အထောက်အပံ့၊ ချေးငွေများဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းဆိုင်ရာများ ဆွေးနွေးကြသည်။
   

 

၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများတွင် အထောက်အပံ့ စီမံကိန်းပေါင်း ၂၅၈ ခုရှိပြီး စီမံကိန်း ၈၄ခု ပြီးစီးခဲ့ကာ ချေးငွေစီမံကိန်းပေါင်း ၁၈ ခုတွင် ဆောင်ရွက်ဆဲစီမံကိန်း ၁၇ခု နှင့် ညှိနှိုင်းဆဲစီမံကိန်း ၁ ခုရှိကြောင်း သိရသည်။

 

သတင်းစဉ်