ရန်ကုန် ၈ ဇူလိုင်
သံတမန်သင်တန်းကျောင်း (ရန်ကုန်) ဆောက်လုပ်ရန်အတွက် အဆောက်အဦ ဗိသုကာပုံစံ ရှင်းလင်းတင်ပြခြင်း အစီအစဉ်နှင့် သင်တန်းကျောင်း အဆောက်အဦ ဗိသုကာ ဒီဇိုင်းပုံစံများအား စိစစ်ရွေးချယ်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသူများနှင့် ပဏာမအဆင့်ဗိသုကာပုံစံများ စိစစ်ရွေးချယ်ခံရသူ ဗိသုကာပညာရှင်အဖွဲ့(၅)ဖွဲ့အား ဂုဏ်ပြုပွဲ အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျာမန်အဖွဲ့အစည်း Friedrich –Ebert –Stiftung (FES)တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ရှိ WYNDHAM GRAND ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အမှာစကား ပြောကြားပြီး ဗိသုကာဒီဇိုင်းပုံစံများ စိစစ်ရွေးချယ်ရေး ဂျူရီအဖွဲ့ဝင်များနှင့် သံတမန်သင်တန်းကျောင်း ဗိသုကာပုံစံအ တည်ပြုရွေး ချယ်နိုင်ရေး အတွက် ပံ့ပိုးကူညီပေးသော ဗိသုကာပုံစံများစိစစ်ရွေးချယ်ရေး ဂျူရီအဖွဲ့ဝင်များနှင့် ဦးဒင်ဇယ်အေဘယ်လ်(ညွှန်ကြားရေးမှူး-ငြိမ်း) နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်အဖွဲ့အား အမှတ်တရ လက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ ပဏာမအဆင့် ရွေးချယ်ခြင်းခံရသော ဗိသုကာပညာရှင်အဖွဲ့ (၅)ဖွဲ့အား ဦးဒင်ဇယ်အေဘယ်လ် က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ဂုဏ်ပြုနေ့ လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံတမန်သင်တန်း ကျောင်း တည်ထောင်နိုင်ရေးဆိုင်ရာ အတိုင်ပင်ခံပညာရှင်များအဖွဲ့၊ သံတမန်သင် တန်းကျောင်း ဆောက်လုပ်နိုင်ရန်အတွက် ဗိသုကာပုံစံများ စိစစ်ရွေးချယ်ရေး ဂျူရီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဗိသုကာအသင်းမှ တာဝန်ရှိသူများ၊ ဗိသုကာဒီဇိုင်း ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီပေးသော နိုင်ငံခြားရေးဝန်ကြီး ဌာနမှအငြိမ်းစားဝန်ထမ်းများနှင့် ဂျာမန်အဖွဲ့အစည်း Friedrich –Ebert –Stiftung (FES) မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


