မန္တလေး ၂၅ ဇူလိုင်
Water The Source of life ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ သိပ္ပံပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၀ နိုင်ငံက ကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲသည်အထဲမှာ မန္တလေးမြို့က Pyinnyaraung Education Center မှ အဌမတန်းကျောင်းသူ မခိုင်သဉ္ဇာထွန်းက Audience Award ဆုကိုရရှိခဲ့ပါတယ်။ အခုလို ပြိုင်ပွဲမှာ ဆုရရှိခဲ့တာနဲ့ ပတ်သက်လို့ မခိုင်သဉ္ဇာထွန်းနဲ့တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
မေး - Water the Source of Life ဆိုတဲ့ခေါင်းစဉ် ကမ္ဘောဒီးယားမှာ ဘယ်လိုတွေပြိုင်ခဲ့ရတာလဲ။
ခိုင်သဉ္ဇာထွန်း - ပြိုင်ပွဲမှာ အဓိက ပရီဇန်တေးရှင်းလုပ်ရတာ။ ပြိုင်ပွဲက ချပေးတဲ့ခေါင်းစဉ်က ရေက အရင်းအမြစ်ဖြစ်တယ်ဆိုတာပြောတာ။ သမီးပရော့ဂျက်ဆိုရင် ဗေဒါအကြောင်း။ ဗေဒါက ရေထဲမှာပေါက်တဲ့အတွက် ဗေဒါအကြာင်း ပရီဇန်တေးရှင်း လုပ်တယ်။ ပြီးတော့ ဗုတ်တွေနဲ့ မဲပေးတယ်။ ကောင်းကျိုးဆိုးကျိုးခွဲတယ်။ သမီးလုပ်မယ့် ပရီဇန်တေးရှင်းနဲ့ ပတ်သက်ပြီး video အရင် ရိုက်ရတယ်။ ကမ္ဘောဒီးယားကို သွားပြိုင်ရတယ်။ သမီးတို့က စကောလာရတော့ တခါတည်းသွားပြိုင်ရတယ်။ တခြားနိုင်ငံတွေဆိုရင် ကျောင်းတွင်းပြိုင်တယ်။ ကျောင်းတွေပေါင်းစုပြီးပြိုင်တယ်။ တဖြေးဖြေးနဲ့ရင်းမှ အင်တာနေရှင်နယ်အဆင့်ကို ပြိုင်ရတာ။ ခက်တော့ခက်တယ်။
မေး- ပြိုင်ပွဲကနေဘာဆုတွေရခဲ့လဲ။
ဖြေ- အရင်ဆုံး ဆာတီဖီကိတ်ပေးတယ်။ စုစုပေါင်း ဆု ၈ မျိုးပေးတယ်။ ဆု ၅ ခုက the best presentation တို့ ၊ data Quality တို့ စတဲ့ အကောင်းဆုံးဆိုပြီး ဆု ၅ ဆုပေးတယ်။ Special Award အနေနဲ့ ၃ ဆုပေးတယ်။ Chairman Award , Audience Award, Place Award ဆိုပြီးပေးတာ သမီးက Audience Award ဆိုပြီးရတာ။
မေး- အရင်ကရောပြိုင်ဘူးလား။
ဖြေ- မပြိုင်ဖူးဘူး ၊ဒါက ပထမဆုံးသွားပြိုင်တာ။
မေး-ပြိုင်ပွဲအတွက် ဘယ်အချိန်ကတည်းက ကြိုတင်ပြင်ဆင်သွားခဲ့ရလဲ။
ဖြေ-လွန်ခဲ့တဲ့ တစ်လ ခွဲလောက်ကတည်းက ကြိုတင်ပြင်ဆင်ရတယ်။ ပြီးတော့ စာတွေအများကြီးပဲဆိုတော့ ကျောင်းချိန်နဲ့ညှိပြီးလုပ်ခဲ့တယ်။ ကျောင်းချိန်ဖျက်ရမယ်ဆိုလည်း ဖျက်ပြီးလုပ်ရတဲ့ ရက်တွေရှိတယ်။
မေး - ပြိုင်ပွဲမှာ ဘယ်လိုအတွေ့အကြုံတွေရခဲ့လဲ။
ဖြေ- အတွေ့အကြုံအနေနဲ့က တော်တော်လေးပျော်ဖို့ကောင်းပါတယ်။ နိုင်ငံပေါင်းစုံက သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖြစ်ခွင့်ရတယ်။ သူတို့တွေရဲ့ ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရခဲ့တယ်။
မေး - ဆုရတဲ့အတွက် ဘယ်လိုခံစားရလဲ။
ဖြေ-အစက Special Award မဟုတ်ပဲ ပေးတဲ့ဆု ၅ ဆုရှိတယ်။ အဲဒီဆု ၅ ဆုကို အရင်မှန်းတယ်။ အဲဒီ ၅ ဆုမှာ ဆုမရတော့ဘူးဆိုတော့ ငိုမလိုဖြစ်သွားတယ်။ ငိုမလိုဖြစ်တဲ့အချိန်မှာ ဒီ audience award ရတော့ အံ့သြသွားတာပေါ့။
မေး - နောက်ပိုင်းရောပြိုင်ပွဲတွေ ရှိရင်ရော ပြိုင်သွားမလား။
ဖြေ - နောက်ထပ်လည်းပြိုင်သွားမယ်။ အခုဆိုရင် ဘယ်လိုလုပ်ရင် ဘယ်လိုဆိုတဲ့ အတွေ့အကြုံတွေရခဲ့တယ်။ နောက်တခါသွားပြိုင်မယ်ဆိုရင် အကောင်းဆုံးပြင်ဆင်သွားမယ်လို့ စဉ်းစားထားတယ်။
မေး - ရေအရင်းအမြစ်နဲ့ ပတ်သက်လို့ အများကြီးရှိတဲ့အထဲမှာ ဘာကြောင့် ဗေဒါကို ရွေးပြီး သွားပြိုင်ဖြစ်တာလဲ။
ဖြေ - သူများတွေဆို တခြားအပင်တွေကို ပြောတယ်လေ။ ရေညစ်ပတ်တာတွေ ပြောတယ်။ သူတို့ပြောတဲ့သူတွေ အများကြီးထဲမှာ ဒီဗေဒါကို သူတို့ကသုံးတဲ့သူနည်းတယ်။ ပြီးတော့ ကန်တော်ကြီးထဲမှာဆိုရင် ဗေဒါတွေကို ဘာမှ အသုံးမပြုပဲ အမှိုက်ပုံထဲပစ်လိုက်တာ ဆိုတော့ နှစ်မြောတာပေါ့ အဲဒါနဲ့ ဒီဟာကို အသုံးဝင်တယ်ဆိုတာ ပြောချင်လို့ ဗေဒါကိုရွေးလိုက်တာ။
ကျေးဇူးတင်ပါတယ်။
အိမို့မို့ခိုင်


