နေပြည်တော်၊ ဒီဇင်ဘာ ၁၈
မြန်မာနိုင်ငံစာရင်းကောင်စီကကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ သင်တန်းအမှတ်စဉ် (၁) အပိုင်း (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံစာရင်းကောင်စီမှ တာဝန်ရှိသူများက Online ဖြင့်တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဉီးက နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာ စာရင်းစံများ (International Public Sector Accounting Standards – IPSAS) ကို အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးရှင်းတမ်းရေးဆွဲမှုနှင့် အစီရင်ခံတင်ပြမှု ပုံစံများ တစ်ပြေးညီဖြစ်စေရန် IPSAS ဘုတ်အဖွဲ့မှ ချမှတ်ပြဋ္ဌာန်းထားပါကြောင်း၊ IPSAS ကို လိုက်နာကျင့်သုံးခြင်းဖြင့် နိုင်ငံပိုင်ကဏ္ဍ၏ စာရင်းကိုင်စနစ် ပိုမိုကောင်းမွန်လာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသော ယုံကြည်အားထားရသည့် ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲတင်ပြနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချမှုများကို အလေးထား လေ့လာမှတ်သားပြီး မိမိတို့၏လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချခြင်းဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း၊ နေပြည်တော်သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား (၂၀)၊ အခြား ဝန်ကြီးဌာနများမှ သင်တန်းသား (၇၆) ဦး စုစုပေါင်း (၉၆) ဦးတက်ရောက်ကြပြီး IPSAS စာရင်းစံ (၁၆) ခုကို ဒီဇင်ဘာ ၁၈ ရက်မှ မတ် ၆ ရက်အထိ (၃) လကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း၊ သင်တန်းအောင်မြင်သူများအနေဖြင့် IPSAS အပိုင်း (၃) သင်တန်းသို့ ဆက်လက်တက်ရောက်နိုင်ပြီး အပိုင်း (၃) ပိုင်းလုံး အောင်မြင်သူများအား ဒီပလိုမာ လက်မှတ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်