နေပြည်တော် မတ် ၃
မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ် (၂) အပိုင်း (၁) (Diploma in International Public Sector Accounting Standards - Dip IPSAS) နှင့် နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်း စံများဆိုင်ရာဒီပလိုမာသင်တန်း (Diploma in International Financial Reporting Standards-Dip IFRS) အမှတ်စဉ် (၂) အပိုင်း (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍများတွင် စာရင်းပညာကျွမ်းကျင်သူ၊ စာရင်းပညာ ရှင်နိုင်ငံ့ဝန်ထမ်းများ အချိုးညီ တိုးပွားလာစေရန်နှင့် စာရင်းပညာပြန့်ပွားစေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် IPSAS နှင့် IFRS စာရင်းစံများနှင့် စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများနှင့် မိမိဌာန၏ ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရေးဆွဲရာတွင် လက်တွေ့အသုံးချလိုက်နာ ကျင့်သုံးခြင်းဖြင့် ပိုမိုကောင်းမွန်သည့် တာဝန် ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသည့် ဘဏ္ဍာရေးအစီရင်ခံစာများကို ရေးဆွဲနိုင် ကြမည် ဖြစ်ပါကြောင်း။
IPSAS နှင့် IFRS သင်တန်းများကို Batch တစ်ခုလျှင် သင်တန်း level သုံးခုခွဲ၍ သင်ကြားပေးမည်ဖြစ်ပြီး level တစ်ခုချင်းစီအလိုက် သင်တန်းတက်ရောက်အောင်မြင်သူများကို Certificate လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ Level- III အထိ တက်ရောက် အောင်မြင် သူများကို ဒီပလိုမာအောင်လက်မှတ် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည့်အတွက် ဘွဲ့လွန်ဒီပလိုမာ ရရှိစေရေး ဇွဲလုံ့လရှိစွာ အစဉ်တစိုက် လေ့လာသင်ယူ ကြိုးစားစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း၊ နေပြည်တော် သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
IPSAS သင်တန်းတွင် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံ (၉) ခု ပို့ချမည်ဖြစ်ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ (၅) ဦး၊ ဝန်ကြီးဌာန (၁၆) ခု မှ (၃၄) ဦး စုစုပေါင်း သင်တန်းသား (၃၉) ဦး၊ IFRS သင်တန်းတွင် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံ (၁၁) ခု ပို့ချမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ (၁၅) ဦး၊ ဝန်ကြီးဌာန (၂၂) ခုမှ ( ၃၉ ) ဦး စုစုပေါင်း သင်တန်းသား ( ၅၄ ) ဦး တက်ရောက်မည်ဖြစ်သည်။ IPSAS သင်တန်းကို မတ် ၃ ရက်မှ မေ ၁၉ ရက်အထိနှင့် IFRS သင်တန်းကို မတ် ၃ ရက်မှ မေ ၅ ရက်အထိ သင်တန်းကာလ (၂) လကျော်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယ ဉက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကနှင့် သင်တန်းသားများက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌လည်းကောင်း၊ မြန်မာနိုင်ငံ စာရင်းကောင်စီ ဒုတိယဉက္ကဋ္ဌ (၂) ဉီးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံစာရင်း ကောင်စီရုံး မှတာဝန်ရှိသူများက Online ဖြင့်လည်းကောင်း တက်ရောက်ကြသည်။
သတင်းစဉ်