မန္တလေး ၂၆ ဇူလိုင်
My Justice Program ၏ ထောက်ပံ့ကူညီမှုဖြင့် Braveheart Foundation မှ ဦးဆောင်ပြုလုပ်ကျင်းပသည့် နိုင်ငံသားဖြစ်တည်မှုနှင့် အထောက်အထား စာရွက်စာတမ်းများ လျှောက်ထားရယူခြင်း လုပ်ငန်းစဉ်များဆိုင်ရာ ဆရာဖြစ်သင်တန်းကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀၊ ၆၂လမ်းထောင့်ရှိ အဖြူရောင်နှလုံးသား ပရဟိတအသင်းခန်းမတွင် ဇူလိုင်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အထိ ကျင်းပသည်။
ရှေးဦးစွာ သင်တန်းတက်ရောက်လာသူများနှင့် သင်တန်းဆရာတို့ မိတ်ဆက်အခမ်းနားပြုလုပ်သည်။ ပထမနေ့တွင် သင်တန်းအကြောင်းအရာ ရည်ရွယ်ချက် သင်တန်းစည်းကမ်းများကို ဆွေးနွေးကြသည်။ သင်တန်းဆရာအဖြစ် Braveheart Foundation မှ Director ဦးရတနာက ဆောင်ရွက်သည်။ ဆွေးနွေးမည့်အကြောင်းအရာများမှာ နိုင်ငံတော် (State) ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်အင်္ဂါရပ်များ နိုင်ငံသားဖြစ်မှု အခွင့်အရေးများ ဝတ္တရားများ နိုင်ငံမဲ့ဖြစ်မှု (Statelessness) (နိုင်ငံမဲ့ဆိုသည်မှာ ဖြစ်ရခြင်းအကြောင်းရင်း၊ ရရှိလာသည့်အကျိုးဆက်များ၊ နိုင်ငံမဲ့ပပျောက်ရေး ဆောင်ရွက်နေမှုများ)ကို ဦးဆောင်ဆွေးနွေးသူ ဆရာဦးရတနာက ဆွေးနွေးပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းခြင်း၊ စုပေါင်းဆွေးနွေးခြင်းတို့ကို ပြုလုပ်ကြသည်။
ဆက်လက်၍ မန္တလေးမြို့နှင့် သက်ဆိုင်သည့် အချက်အလက်များအား လေ့လာ ဆန်းစစ်ခြင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံသားဆိုင်ရာ ဥပဒေများ အဆင့်ဆင့်ပြောင်းလဲလာပုံကို သင်တန်းဆရာက ဦးဆောင်ပြောကြားပြီး သင်တန်းသားများက သိလိုသည်များကို မေးမြန်းရာ သင်တန်းဆရာက ပြန်လည်ဖြေကြားသည်။ ဇူလိုင် ၂၅ ရက် ဒုတိယနေ့တွင် အထောက်အထား စာရွက်စာတမ်းလျှောက်ထားမှု လုပ်ငန်းစဉ်များ အထွေထွေဗဟုသုတနှင့် အပြန်အလှန် ဆွေးနွေးမှုများပြုလုပ်ပြီး ပြန်လည်သုံးသပ်ခြင်းနှင့် သင်တန်း၏ ဆန်းစစ်ခြင်းတို့ကို ပြုလုပ်သည်။ သင်တန်း နောက်ဆုံးနေ့တွင် သင်တန်းသူ/သားများအား သင်တန်းဆရာ ဦးရတနာက သင်တန်းဆင်း လက်မှတ်များကို တစ်ဦးချင်း ပေးအပ်သည်။
အဆိုပါ ဆရာဖြစ်သင်တန်း ကျင်းပရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ အရေအတွက်ကို လျှော့ချနိုင်ရန်၊ ဌာနဝန်ထမ်းများနှင့် ပြည်သူလူထုအကြား နားလည်မှု ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်ရန် ဖြစ်သည်ဟု သင်တန်းဆရာ ဦးရတနာက ပြောပြပါသည်။ အဆိုပါ ဆရာဖြစ်သင်တန်းသို့ မန္တလေးမြို့ရှိ CSO အဖွဲ့အစည်းများ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ဥပဒေအထောက်အကူပြုသူများ တရားလွှတ်တော်ရှေ့နေများ စာရေးဆရာများ တက်ရောက်ခဲ့သည်ဟု သိရှိရသည်။ သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၃၈)ဦး တက်ရောက်သည် ဟု သိရှိရသည်။ သင်တန်းအပြီးတွင် စုပေါင်းအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်ဟု သိရှိရသည်။
ခင်ခင်ဝင်း(ပညာရေး)


