ရန်ကုန် ၂ ဇူလှိုင်

ဇူလှိုင် ၁ ရက်နေ့အထိ ကျန်းမာရေးစစ်တမ်းများအရ မိုးရာသီ၏ ရာသီတုပ်ကွေးရောဂါ Influenza A(H1N1)pdm 09 ကြောင့် သေဆုံးသွားသောလူနာသည် နိုင်ငံနှင့်တစ်ဝှမ်းတွင်(၂၁)ဦးရှိနေပြီး ပိုးတွေ့လူနာအများစုမှာ အမျိုးသားများဖြစ်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ(နေပြည်တော်) မှသိရသည်။

 

0045

 

သေဆုံးလူနာများအနက် ရန်ကုန်တိုင်းဒေသကြီး၌ (၁၈)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ၌ (၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီး ၌ (၁)ဦး တို့ဖြစ်ကြောင်းသိရသည်။လက်ရှိတွင် ဆေးရုံတက်လူနာမှ ရောဂါစစ်ဆေးသူ (၂၃၆) ဦးတွင် Influenza A(H1N1)pdm 09 ပိုး တွေ့ရှိသူ (၉၉) ဦး၊ Influenza A၊H3 ပိုး တွေ့ရှိသူ (၈)ဦးရှိကြောင်း ရောဂါပိုးတွေ့လူနာများတွင်အများစုသည်အမျိုးသားများဖြစ်နေကြောင်းသိရသည်။ 

" သေဆုံးသွားတဲ့သူက ဇူလှိုင် ၁ ရက်နေ့အထိပေါ့ တစ်နိုင်ငံလုံးမှာ (၂၁)ဦးထိရှိတယ်။ဒီလိုသေဆုံးမှုတွေရှိနေလို့အရမ်းကြီးတော့ စိုးရိမ်မနေကြပါနဲ့။ သေသွားတဲ့လူတွေမှာသေမယ့် ရောဂါကလည်း  ရှိပြီးသား။ ရောဂါအခံတွေလည်း ရှိနေပါ တယ်။ကိုယ်ခံအား နည်းတော့ရောဂါဝင်တာပေါ့။ အဓိကကတော့ ကိုယ်ကိုတိုင်ကစပြီး ကာကွယ်ဖို့လိုပါတယ်။ ဒါဆိုပတ်ဝန်းကျင်ကိုမပြန့်ပွားတော့ဘူးပေါ့။ ဒါကြောင့် နှာချေတိုင်း၊ ချောင်းဆိုးတိုင်းမှာပါးစပ်နဲ့နှာခေါင်းကို လက်ကိုင်ပဝါစ၊ တစ်ရှူးစတဲ့ အကာအကွယ်တွေနဲ့ သေချာစွာဖုံးအုပ်ကြပါ။ အပြင်ကပြန်လာပြီဆို ဘာမှမကိုင်တွယ်မီ ရေ ၊ဆပ်ပြာတို့နဲ့လက်ကိုသေချာစွာဆေးပါ။ Hand Gel ဆောင်ထားပါ။ လူစုလူဝေးကိုရှောင်ကြဉ်ပြီးဒီကာလတွေမှာတက်နိုင်သမျှပေါ့။ ကိုယ့်အိမ်မှာပဲနေကြပါ။အလုပ်မှာနှာစေးချောင်းဆိုးသူရှိနေရင်အနည်းဆုံး( ၆ )ပေအကွာမှာနေကြပါ။ အိမ်ရေးဝ၀၊ အိမ်လေဝင်၊လေထွက်ကောင်းတဲ့နေရာမှနေပါ။အာဟာရပြည့်ဝအောင်စားပါ။သင့်တင့်တဲ့လေ့ကျင့်ခန်းလုပ်ပါ။အဓိကကကိုယ်ခံအားကောင်းအောင်နေ ထိုင်ကြပါလို့ပြောလိုပါတယ်။"ဟုပြည်သူ့ကျန်းမာရေးဦး စီးဌာနဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ(နေပြည်တော်)ဒုတိယ ညွှန်ကြားရေးမှုးဒေါက်တာဒေါ်ခင်ခင်ကြီးကပြောသည်။

အဆိုပါသေဆုံးလူနာများတွင်အများစုသည် အသက် ၆ လ နှင့် (၁) နှစ်အောက်ကလေးငယ်များနှင့် အသက် (၆၅)နှစ်အထက်ရှိ သက်ကြီးရွယ်အိုများ၊နာတာရှည်ရောဂါများဖြစ်သော ဆီးချို၊သွေးတိုး၊နှလုံး၊အဆုတ်၊ကျောက်ကပ်နှင့် အခြားသက်ကြီးရောဂါအခံရှိသော လူများနှင့် ကိုယ်ခံအားနည်းနေသူများ အများဆုံးပါဝင်ကြောင်းသိရသည်။

ထိုရာသီတုပ်ကွေးရောဂါ   Influenza A(H1N1)pdm 09 အတွက်ရောဂါ ကာကွယ်ဆေးရှိသော်လည်း ဆေးထိုးပြီးကာကွယ်ထားလျင် (၅၀) ရာခိုင်နှုန်းအောက်သာလျှင်ကာကွယ်နိုင်ပြီးကိုယ်ခံ အားကောင်းကောင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုများဖြင့်သာအဓိက ကာကွယ်ရမည်ဖြစ်ကြောင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲ(နေပြည်တော်) မှသိရသည်။

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး