ရန်ကုန် ဒီဇင်ဘာ ၂၂
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ ချပြရှင်းလင်းခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း သီးနှံများသီးထပ် အပြည့်အဝစိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ချပြရှင်းလင်းပြီး မိမိတို့တိုင်းဒေသကြီးအတွင်း တိုးတက်လာသော လူဦးရေအရ စားရေရိက္ခာ ယခင်ထက် ပိုမိုတိုးတက်ထုတ်လုပ်ရန် လိုအပ်လာ၍ ရိတ်သိမ်းပြီး ဧကများနှင့် ကျန်ဧကများတွင် နွေစပါး၊ ဆီထွက်သီးနှံများ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ စားဖိုချောင်သီးနှံများနှင့် ရာသီအလိုက် သီးနှံများဖူလုံအောင် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသော သီးနှံများကို အဓိကထား တိုးချဲ့စိုက်ပျိုးသွားရန် လိုအပ်ကြာင်း၊ ရေရရှိရေး၊ မျိုးစေ့လိုအပ်ချက်၊ စက်ကိရိယာလိုအပ်ချက်များအား သက်ဆိုင်ရာဌာနများထံ တင်ပြပြီး အချိန်မီ စိုက်ပျိုးသွားနိုင်ရေးနှင့် အထွက်နှုန်းတိုးတက်ရေး ပန်းတိုင်ရည်မှန်းချက်များရရှိရေး စနစ်တကျ စိုက်ပျိုးမှုက အထွက်နှုန်းပိုမိုတိုးတက်မည်ဖြစ်၍ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) အလက် (၃ဝဝဝ)ကို မြို့နယ်များ၏ စိုက်ပျိုးမြေဧကများအလိုက် ဖြန့်ဝေပေးခဲ့ကြောင်းနှင့် သီးထပ်စွမ်းအား တိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ ညှိနှိုင်းပေါင်းစပ် ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က မိုးစပါးစိုက်ဧကများအပေါ်တွင် သီးထပ်သီးနှံများ အပြည့်အဝ စိုက်ပျိုးနိုင်ရေး လိုအပ်သည်များ ဆွေးနွေးပြောကြားသည်။
၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက သီးထပ်သီးနှံဧက စိုက်ပျိုးထားရှိမှုများအား လည်းကောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းက သီးထပ်သီးနှံစိုက်ပျိုးထားရှိသည့် မြေဧရိယာဧကများအား လည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက စိုက်ပျိုးရေရရှိရေး ရေပေးမြောင်းများ၊ ချောင်းများနှင့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများမှ ရေပေးဝေမှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသူများက သီးထပ်သီးနှံများ အပြည့်အဝစိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအရ တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို သီးထပ်အပြည့်အဝ စိုက်ပျိုးသွားနိုင်ရေး ခရိုင်၊ မြို့နယ်များအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်က အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးတောင်သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)