နေပြည်တော် ၂၅ ဇူလိုင်
နိုင်ငံတော်ဘဏ္ဍာငွေ၊ နိုင်ငံတကာချေးငွေနှင့် ရန်ပုံငွေများကို စနစ်တကျစီမံခန့်ခွဲအသုံးပြုရေးနှင့် စီမံချက်လုပ်ငန်းများကို အကျိုးရှိထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဦးစီးဌာန အသီးသီးမှ နိုင်ငံတော်ဘဏ္ဍာငွေ၊ နိုင်ငံတကာချေးငွေနှင့် ရန်ပုံငွေများကိုအသုံးပြု၍ တင်ဒါခေါ်ယူ ဝယ်ယူရေး လုပ်ငန်းများ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) “အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း”နှင့်အညီ စနစ်တကျ အကျိုးရှိထိရောက် စွာစီမံခန့်ခွဲအသုံးပြု ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ညွှန်ကြားချက်တွင် ပါဝင်သော အချက်များကို သေချာကြေညက်စွာ လေ့လာသွားရမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေများကို ထိရောက်အကျိုးရှိစွာ သုံးစွဲနိုင်ရေးနှင့် အချိန်မီသုံးစွဲနိုင်ရေးအတွက် ဦးစီးဌာနအလိုက် ဘဏ္ဍာငွေသုံးစွဲမှု စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (budget monitoring team) များကိုဖွဲ့စည်း၍ ၎င်းအဖွဲ့အစည်းများကိုလည်း လွပ်လပ်စွာဆောင်ရွက်ပိုင်ခွင့်နှင့် အစီရင်ခံတင်ပြခွင့်များ ပေးအပ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း။
အဆိုပါအဖွဲ့များမှ မိမိတို့ဦးစီးဌာနအလိုက် ဘဏ္ဍာငွေသုံးစွဲမှုပမာဏနှင့် စီမံခန့်ခွဲမှုပုံစံ စသည်တို့ကို စောင့်ကြပ်လေ့လာဆန်းစစ်သုံးသပ်၍ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များထံသို့ ပုံမှန်အစီရင်ခံတင်ပြရန်နှင့် ဝန်ကြီးဌာနစီမံခန့်ခွဲမှုကော်မတီသို့ (၃)လတစ်ကြိမ် အစီရင်ခံတင်ပြရန် ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များသည် ကျယ်ပြန့်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာတို့ကိုသာမက ဘဏ္ဍာငွေဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းဥပဒေ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီအထူးအလေးထား၍ စနစ်တကျဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများမှ တင်ပြခဲ့သည့် ဆေးနှင့်ဆေးပစ္စည်း၊ စက်ပစ္စည်းကိရိယာများ၊ အဆောက်အဦ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်များကိုလည်း ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ထားရှိပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဦးစီးဌာနအသီးသီးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များအနေဖြင့် လက်တွေ့မြေပြင် အခြေအနေတွင် လုပ်ငန်းဆောင်ရွက်မှုများအား သိရှိစေရေးနှင့် ကြီးကြပ်လမ်းညွှန်မှုများ၊ ပံ့ပိုးအားဖြည့်မှုများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူပြည်နယ်/ တိုင်းဒေသကြီး အသီးသီးသို့ ကွင်းဆင်းဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း။
(၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် ဝယ်ယူရမည့်ဆေးဝါး၊ ဆေးပစ္စည်းတင်ဒါများ ခေါ်ယူသည့်အခါ လက်တွေ့ကျ၍ အမှန်တကယ်အသုံးဝင်မည့် ဆေးဝါးပစ္စည်းပမာဏနှင့် အမျိုးအမည်များကို ဦးစားပေးဝယ်ယူထောက်ပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဆေးပညာဘာသာရပ်အလိုက် အသုံးပြုရသည့် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများသည် အမျိုးအစားများ အလွန်များပြားသဖြင့် တင်ဒါခေါ်ဝယ်ယူသည့်အခါ သက်ဆိုင်ရာဆေးပညာဘာသာရပ် ပါမောက္ခကြီးများနှင့် ပညာရှင်များထံမှ အကြံပြုချက်များကိုရယူ၍ အသေးစိတ် စိစစ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရန်သင့်ဆောက်လုပ်ပြီးစီးသော အဆောက်အဦများ ဝယ်ယူရာတွင်လည်းကောင်း တည်ဆဲလုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ ညွှန်ကြားချက်တို့နှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းကိစ္စရပ်များအားလုံးကို တည်ဆဲလုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် အညီတိကျစနစ်ကျစွာဖြင့် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) တို့ကဝန်ကြီးဌာန၏ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ မူဝါဒ၊ လမ်းညွှန်ချက်နှင့် လုပ်ငန်းစဉ်သဘောတရားများနှင့် ပတ်သက်၍လည်းကောင်း၊ ကမ္ဘာ့ဘဏ်နှင့် ADB အဖွဲ့တို့မှ ချေးငွေရယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ဝန်ကြီးဌာန၊ ဗဟိုတင်ဒါကော်မတီနှင့် ဦးစီးဌာနတင်ဒါကော်မတီများကို ဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်း ကောင်းရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာကြသူများက ဆွေးနွေးအကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


