နေပြည်တော် ဧပြီ ၁၃

သင်္ကြန်ပွဲတော်သည်  မြန်မာ့ရိုးရာပွဲတော်များတွင် နှစ်ဦးတွင် အစောဆုံးကျင်းပသော   ပွဲတော် ဖြစ်သည့်အပြင် ရေပက်ကစားရသော ပွဲတော်ဖြစ်သည့်အတွက် ထူးခြားလှသည်။ သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်းဟု အဓိပ္ပယ်ရသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်း သောအဓိပ္ပါယ်ဖြစ်သည်။ သင်္ကြန်ကို အတာသင်္ကြန် ဟုလည်းခေါ်သည်။ အတာသည် လည်းနှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းခြင်းဟူ၍ပင် အဓိပ္ပယ်ရသည်။  နှစ်ဟောင်းမှ အညစ်အကြေးများကို ရေစင်ရေသန့်တို့နှင့် ပက်ဖျန်းခြင်းကြောင့် စိတ်ကိုကြည်လင်အေး မြစေပြီး ငြိမ်းအေးပါစေကြောင်း ဆန္ဒပြုကြလျက် နွေရာသီ အပူများကို  အေးမြစေကြောင်း ရေပက်ဖြန်း၍ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း လုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိကြသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများကလည်း မြန်မာ့ရိုးရာ  အစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ဇေယျာသီရိ ဂေါက်ကွင်းရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား မိသားစုများက  စံပယ်ပန်းကုံး များဖြင့် ကြိုဆိုကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထို့နောက် အခမ်းအနားမှူးက မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ  မဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစု ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ကြောင်းကြေညာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် ယိမ်းအဖွဲ့သမီးပျိုများက “ မင်္ဂလာရှိသောသင်္ကြန်” သီချင်းဖြင့် ကပြ ဖျော်ဖြေကြရာ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသူများက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များကို အောင်သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများကို သင်္ကြန်စတုဒိသာ အစားအစာများဖြင့် တည့်ခင်းဧည့်ခံ၍ မြဝတီတေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော် အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ထို့အတူ ညနေပိုင်းတွင်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှတပ်မတော် အရာရှိကြီးများက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ အိမ်ထောင်သည် လိုင်းများအနီးရှိ စိန်ပန်းမဏ္ဍပ်၊ မန်ကျည်းရိပ်မဏ္ဍပ်နှင့် နေပြည်တော်မဏ္ဍပ်တို့ရှိ ရေကစား မဏ္ဍပ်များ၌ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို သွားရောက်ဖွင့်လှစ်ပေးပြီး ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စည်ကား သိုက်မြိုက်စွာဖြင့် သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကများ၊ တေးသီချင်းများဖြင့် သီဆိုကြပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်