နေပြည်တော်၊ အောက်တိုဘာ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာတက္ကသိုလ်၌ ပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၂၆) စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။
အဆိုပါ စစ်လက်ရုံးရွေးချယ် ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်နည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းစီ တွေ့ဆုံမေးမြန်း၍ နည်းပညာ ဘာသာရပ်ပိုင်းဆိုင်ရာများနှင့် လေ့ကျင့်ရေးပိုင်းဆိုင်ရာတို့တွင် နှစ်အလိုက် ထူးချွန်ထက်မြက်မှု၊ စည်းကမ်းလိုက်နာမှု၊ ကြိုးစားအားထုတ်မှုနှင့် ၎င်းတို့စိတ်ပါဝင်စားမှုများအပေါ် မူတည်၍ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးကြသည်။
အားပေးစကားပြောကြား
မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ပညာတန်ဆောင် ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသား ဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြပြီး ဗိုလ်လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့သည်။ ယင်းနောက် စစ်လက်ရုံး ရွေးချယ်မှုအား ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်