နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်၊ အောက်တိုဘာ ၁၈

 

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၂) MICC – II ၌ပြုလုပ်ရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂ နှင့် အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

 

ဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာတွင် (၂၀၀၀) ပြည့်နှစ်ကစပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (International Day for Disaster Risk Reduction-2023  -IDDRR) အထိမ်းအမှတ် ကျင်းပရာတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွင်ပါဝင်သည့် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် ဆောင်ပုဒ်များကို နှစ်စဉ် သတ်မှတ်ခဲ့ကြောင်း။

 

mdn

 

အထူးသဖြင့် ဂျပန်နိုင်ငံ၊ ဆန်ဒိုင်းမြို့တွင် အတည်ပြုခဲ့သည့် ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀) ပါ ပန်းတိုင် (၇) ခုကို နှစ်အလိုက် ဆောင်ပုဒ်များအဖြစ် သတ်မှတ်ပြီး အခမ်းအနားများ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယခု (၂၀၂၃) ခုနှစ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ကုလသမဂ္ဂရုံး (UNDRR) က နိုင်ငံအလိုက် ဆန်ဒိုင်းမူဘောင်ပါ ပန်းတိုင် () ခုနှင့် အညွှန်းကိန်း (၃၈) ခုအပေါ် အကောင်အထည်ဖော်နိုင်မှု ကာလလယ်သုံးသပ်ချက် (Midterm Review) ကို ဆောင်ရွက်ခဲ့ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ကြရန် ၂၀၂၃ ခုနှစ်၊ မေလ တွင် မူဝါဒပိုင်းဆိုင်ရာ အနှစ်ချုပ်ကို ထုတ်ပြန်ခဲ့ကြောင်း။

 

အဆိုပါထုတ်ပြန်ချက်အရ အနာဂတ်ကာလတွင် ဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့် လူ့အဖွဲ့အစည်း ဖြစ်ရန်၊  ဆင်းရဲချမ်းသာကွာဟချက် ကြီးမားမှုများ၊ ကျား-မ တန်းတူညီမျှရေး လိုအပ်မှုများ၊ ဖိနှိပ်ခွဲခြား‌ ဆက်ဆံခံရမှုနှင့် ရေရှည်ဖွံ့ဖြိုးမှု နည်းပါးသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် ဆောင်ရွက်နေရမှုများ၊ ကဏ္ဍစုံတွင် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး အစီအစဉ်များ ထည့်သွင်းရန် ပျက်ကွက်မှုများ၊ အရင်းအမြစ် မပြည့်စုံမှုများစသည့် အခြေခံအကြောင်းများကို ဖော်ထုတ်ကြရန် ဦးတည်ပြီး ယခုနှစ် ဆောင်ပုဒ်ကို “Fighting Inequality for a Resilient Future” ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ဖို့၊  မညီမျှမှုတွေ တိုက်ဖျက်စို့ဟုသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း။

 

ကမ္ဘာလုံးဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာ (၂၀၂၂) အရ ပျက်စီးဆုံးရှုံးမှုများသည့် သဘာဝဘေးကြီးများသည် ၂၀၁၅ ခုနှစ်အထိ တစ်နှစ်တွင် အကြိမ် (၄၀၀) ခန့် ဖြစ်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်သို့ ရောက်ပါက တစ်နှစ်ကို အကြိမ် (၅၆၀)ခန့်အထိ တိုးလာနိုင်ကြောင်း ကို ဖော်ပြထား ပါကြောင်း၊ အထူးသဖြင့် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်သည့်ဘေးများ ပိုမိုဖြစ်ပွားလာဖွယ်ရှိကြောင်း၊  ကမ္ဘာကြီးပူနွေးလာမှုများ အယ်လ်နီညို ဖြစ်စဉ်များကြောင့် ရေနှင့်  ဆက်နွှယ်သည့် ဘေးအန္တရာယ်ကို  ပိုမိုဖြစ်ပွားစေပါကြောင်း၊  အင်အားပြင်းမုန်တိုင်းများ တိုက်ခတ်ခြင်း၊ ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုဖြစ်စဉ်များ ပေါ်ပေါက်ခြင်းနှင့် ဆိုးရွားပြင်းထန်သည့် ရာသီဥတု ဖြစ်စဉ်များဖြစ်ပြီး လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်  ပုံမှန်ထက်ပိုမိုသည့် ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေပါကြောင်း။

 

ကမ္ဘာတစ်ဝန်းဘေးဖြစ်ပွားမှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာဝဘေးများ အဖြစ်များခဲ့ကြောင်း၊ ဥရောပနိုင်ငံများတွင်  ပြင်းထန်သည့် အပူလှိုင်းကြောင့် လူ (၁၆,၃၀၅) ဦး သေဆုံးခဲ့ပြီး ကမ္ဘာနှင့်အဝန်း မိုးခေါင်ရေရှားခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်းစသည့် ဘေးအန္တရာယ်များကြောင့် လူပေါင်းထောင်နှင့်ချီပြီး သေဆုံးခဲ့ရသလို ပျက်စီးဆုံးရှုံးမှုများ များခဲ့ကြောင်း၊ ယခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တူကီယဲနှင့် ဆီးရီးယားနယ်စပ်တွင် အင်အား ဒသမ ရစ်ချ်တာစကေးရှိသည့် ငလျင်လှုပ်ခဲ့ပြီး လူ (၅၀,၀၀၀) ကျော် သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊  အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ ကလည်း ကြီးမားလှကြောင်း၊ အလားတူ ဖိလစ်ပိုင်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လက တိုင်ဖွန်း မုန်တိုင်းနှင့် ရေဘေးဖြစ်ပွားခဲ့ကြောင်း၊  အဆိုပါမုန်တိုင်း၏ အရှိန်သည် တရုတ်နိုင်ငံ Fujian (ဖီဂျန်း) ပြည်နယ်နှင့် ထိုင်ဝမ်တို့ကို တိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ် ခဲ့ရကြောင်း။

 

ထို့အပြင် မိမိတို့နိုင်ငံတွင်လည်း ယခုနှစ် မေလ (၁၄) ရက်နေတွင် အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခဲ့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊  မိမိတို့အနေဖြင့် ပင်လယ်ပြင်တွင် မုန်တိုင်းအစပျိုးဖြစ်စဉ်ကတည်းကပင်  နိုင်ငံတော်အကြီးအကဲကိုယ်တိုင် လိုအပ်သည့်စောင့်ကြည့်လေ့လာမှုများ လမ်းညွှန်ပေးခဲ့ပြီး ရေးဆွဲထားပြီးဖြစ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချက်ပါအတိုင်း လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြောင်း၊  မုန်တိုင်းလမ်းကြောင်းတွင်ရှိသည့် ပြည်သူများကို ဘေးလွတ်ရာနေရာသို့ ကြိုတင်ရွှေ့ပြောင်းပေးခဲ့ပြီး သတိပေးချက်များ၊ ဆောင်ရန် ရှောင်ရန် အချက်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန (DMC) ကို ဖွင့်လှစ်ခဲ့ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေး၊ တုံ့ပြန်ရေး၊ သယ်ယူပို့ဆောင်ရေးများကို ဒေသခံ အစိုးရအဖွဲ့၊ နယ်မြေတာဝန်ခံများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း။

 

မုန်တိုင်းဝင်ရောက်သည့်အခါတွင်လည်း တုံ့ပြန်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အဆင့်လိုက် ဆောင်ရွက်နိုင်ခဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းနှင့် နှိုင်းယှဉ်ပါက သေဆုံးမှု၊ ဆုံးရှုံးမှုများသည် အဆပေါင်းများစွာ လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း၊ တုံ့ပြန်ရေးလုပ်ငန်းများ၊ ထောက်ပံ့ကူညီမှုများ လုပ်ဆောင်သည့် အခါတွင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အကူအညီမရသူ မရှိစေရ မူဝါဒ ထားရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှု၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဦးဆောင်မှု၊ သက်ဆိုင်ရာအစိုးရအဖွဲ့များ အနီးကပ် ကြီးကြပ်မှု၊ ပြည်တွင်းပြည်ပနိုင်ငံများမှ စေတနာရှင်များ လှူဒါန်းမှု၊ ဘေးသင့်သူများက ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် အချိန်တိုတွင်းတွင် မူလအခြေအနေကို အမြန်ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊  အခုအခါ ဘေးသင့်ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို မူလအနေအထားထက် သာလွန်ကောင်းမွန်အောင် ရည်မှန်းပြီး ဘေးဒဏ်က ကြံ့ကြံ့ခံနိုင်သည့် ဒေသဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း။

 

သဘာဝဘေး ကျရောက်မှုများသည် ဖွံ့ဖြိုးမှုအားနည်းသည့် နိုင်ငံ၊ ဆင်းရဲမှုနှုန်းများသည့်နိုင်ငံ၊ ဘေးကျရောက်နိုင်ခြေများသည့်နိုင်ငံ၊ ထိခိုက်လွယ်သူများဖြစ်သည့်  ကိုယ်ဝန်ဆောင်မိခင်များ၊  ကလေးသူငယ်များ၊  သက်ကြီးပုဂ္ဂိုလ်များ၊  မသန်စွမ်းသူများကို ဆိုးကျိုးပိုပြီး ခံစားရစေပါကြောင်း၊ ဘေးအန္တရာယ် ကျရောက်မှုသည် ဆင်းရဲမှုကို တွန်းပို့ပေးသကဲ့သို့ ဆင်းရဲမှုကြောင့်ပင် ဘေးဒဏ်ကို နှစ်ဆပိုခံစားစေနိုင်သည်ဆိုသည့် သံသရာစက်ဝန်းကို ဖြတ်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် သဘာဝဘေး အန္တရာယ်များနှင့် ယှဉ်တွဲနေထိုင်နေရသည့် လူမှုအသိုက်အဝန်းများသည်  ဖြစ်လာနိုင်သည့် ဘေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်ရန် ကြိုတင်ပြင်ဆင်မှုများ အားကောင်းအောင်၊ ခိုင်မာ အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

ပညာတတ်မြောက်မှု မညီမျှခြင်း၊ နည်းပညာဆိုင်ရာကွာဟခြင်း၊ လူနေမှု အဆင့် အတန်းနှင့် ဆင်းရဲချမ်းသာ ကွာဟချက်များရှိနေခြင်းကြောင့် ခွဲခြားဆက်ဆံမှုများ  နည်းပါးနိုင်သမျှ နည်းပါးအောင် မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် အရေးကြီးကြောင်း။

 

ဘေးဖြစ်နိုင်ချေ လျှော့ချရေး အစီအစဉ်များ ဖော်ဆောင်သည့်အခါတွင် ကျား- တန်းတူပါဝင်နိုင်ရေး၊ ထိခိုက်လွယ်သူများ၏ လိုအပ်ချက်နှင့် အရေးပါမှုကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြရန် မှာကြား လိုကြောင်း၊ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရန်သည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊ အခြေခံအဆောက်အအုံများ ဆောက်လုပ်ရာတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင်ဖြစ်စေ ဘေးအန္တရာယ်ဆိုင်ရာ ရှုထောင့်ကကြည့်ပြီး ရေရှည်ခိုင်ခံ့အောင် ထည့်သွင်း ဆောင်ရွက်ကြရန်လိုကြောင်း။

 

ရှုပ်ထွေးလှသည့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဘေးဖြစ်ပွားနိုင်မှု အခြေအနေများ၊ ပြင်းအားများသည် ခန့်မှန်းနိုင်ရန် ခက်ခဲသည့်အတွက် ကြုံတွေ့လာခဲ့ပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် ကြိုတင်မျှော်မှန်း လုပ်ဆောင်ထားကြရန်၊ သဘာဝဘေးကျရောက်နိုင်သည့် ဒေသများ၏ လူမှုစီးပွား အခြေအနေများကို ဘေးဒဏ်ကနေ ကြံ့ကြံ့ခံနိုင်ရန် စီစဉ်ဆောင်ရွက် ပေးကြရန်၊ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့် လူမှုပတ်ဝန်းကျင်ဖြစ်ရန်အတွက် တန်းတူညီမျှသည့် ဖွံ့ဖြိုးမှုရှိရန်နှင့် ဘေးဒဏ်ခံနိုင်စွမ်းမြင့်မားသည့် အခြေခံအဆောက်အအုံများဖြစ်ရန် လေးထားဆောင်ရွက်ပေးကြရန်၊ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် လူမှုစီးပွားဘဝများကို ဖော်ဆောင်နိုင်ရေးအတွက် အခမ်းအနား ဆောင်ပုဒ်ဖြစ်သည့်ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေ တိုက်ဖျက်ကြပါစို့နှင့်အညီ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးရုံး အကြီးအကဲထံမှ ပေးပို့သည့် သဝဏ်လွှာ သတင်းစကားရုပ်သံကို ပြသသည်။ ယင်းနောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ () လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုလုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများကမညီမျှခြင်းမှသည် ညီမျှခြင်းဆီသို့စင်တင်ပြဇာတ်ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) မကျရောက်မီ လုပ်ငန်းဆောင်ရွက်ချက်များနှင့် မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့မှု မှတ်တမ်း ဗွီဒီယိုကိုပြသသည်။

 

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးသန်းဆွေ၊ ဒေါက်တာညွန့်ဖေနှင့် ဒေါက်တာစိုးဝင်းတို့က ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင်မညီမျှခြင်းမှသည် ညီမျှခြင်းဆီသို့စင်တင်ပြဇာတ်ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။

 

mdn

 

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်