နေပြည်တော် မတ် ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် ရုရှားဖက်ဒရယ်ကောင်စီလွှတ်တော်၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်အဆောက်အဦသို့ ရောက်ရှိကြရာ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဖက်ဒရယ်ကောင်စီလွှတ်တော် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌက ဖက်ဒရယ်ကောင်စီလွှတ်တော်မှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ပြန်လည်မိတ်ဆက်ပေးသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

ဆက်လက်၍ ဖက်ဒရယ်ကောင်စီလွှတ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်၍ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ အစိုးရအချင်းချင်း၊ နိုင်ငံအချင်းချင်း၊ ပြည်သူအချင်းချင်း ဆက်ဆံရေးတိုးတက် ကောင်းမွန်မှုအခြေအနေများ၊ လွှတ်တော်နှစ်ရပ်အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊ လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပချိန်၌ ရုရှားဖက်ဒရေးရှင်း နိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်မှ လေ့လာရေးအဖွဲ့များ စေလွှတ်ပေးသွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၌ လွှတ်တော်ပြန်လည်ဖွဲ့စည်းပြီးချိန်၌ လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဖက်ဒရယ်ကောင်စီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်