နေပြည်တော် ဇွန် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းအကြားနေရာရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တာဝန်ရှိသူများက ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်နှင့် ၂၆ မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးပြီး လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ၊ ငါး၊ ဥစားဘဲ၊ ဥစားကြက်၊ အသားတိုးကြက်၊ နို့စားနွား၊ အသားစားနွား၊ အသား တိုးဝက် စသည့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထွက်နှုန်း တိုးတက်မြင့်မားစေရေး မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူခြင်း၊ ခေတ်မီစက်ယန္တရားများ အသုံးပြုမွေးမြူခြင်း၊ သားဖောက်မွေးမြူခြင်းများ ဆောင်ရွက်လျက်ရှိပြီး အစာပြည့်စုံကောင်းမွန်မှုရှိစေရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးလျက်ရှိသည့် အခြေအနေများ၊ မွေးမြူရေးဇုန်များ၌ အစာစပ်လုပ်ငန်းနှင့် အစာတောင့်စက်များ ထုတ်လုပ်လျက်ရှိမှု၊ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိမှု အခြေအနေများ၊ ရော်ဘာစိုက်ပျိုးရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
အထွက်နှုန်းများ တိုးမြင့်လာစေရေးဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေးဇုန်များ ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့် ရာသီသီးနှံဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦးရေများပြားစွာ ရှိနေခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးဇုန်များအတွင်း မြေအသုံးချမှုများကို အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ ယနေ့တွင် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည့်အတွက် သန်လျင်ဒေသသည် ယခင်ကထက် များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်သွားရန် လိုသကဲ့သို့ အထွက်နှုန်းများ တိုးမြင့်လာစေရေးအတွက်လည်း စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဥစားကြက်၊ ဘဲမွေးမြူရေးနှင့် ပတ်သက်၍ ဥထွက်ရှိမှုပမာဏ၊ ဥသည့် အချိန် ကာလတို့ကို စနစ်တကျ တွက်ချက်ချိန်ညှိ၍ အသုတ်လိုက် မွေးမြူသည့်စနစ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အထွက်နှုန်းတိုးမြင့်လာစေမည့် မွေးမြူရေးနည်းလမ်းများကိုလည်း ဆက်လက်လေ့လာ ဆောင်ရွက်သွားကြရန်လိုကြောင်း။
အထွက်နှုန်းများ တိုးတက်ကောင်းမွန်
အမြတ်ရရှိရေးသည် အဓိကမဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူလူထုအနေဖြင့် အသား၊ ငါးနှင့်ရာသီသီးနှံများကို သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသောက်နိုင်စေရေးအတွက် အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် ယခုထက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊ မွေးမြူရေးဆောင်ရွက်ရာ၌ နည်းလမ်းစနစ်မှန်ကန်ရန်နှင့် အစာနှင့်ရေကို ပြည့်ပြည့်ဝဝ ကျွေးမွေးမည်ဆိုပါက အထွက်နှုန်းများလည်း တိုးတက်ကောင်းမွန် နေမည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးဇုန်များမှ ထွက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူလူထု၏ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိမှသာလျှင် ဈေးနှုန်းသက်သာမည်ဖြစ်သည့်အတွက် မြို့တော်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းစစ်ဌာနချုပ် သက်သာချောင်ချိရေး အရောင်းဆိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်နေရန်လိုကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံအောင် ထုတ်လုပ်နိုင်ပြီးပါက ထပ်မံတိုးချဲ့ ထုတ်လုပ်၍ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသို့လည်း အေးခဲအသား၊ ငါးများ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံ အများအပြားအနေဖြင့် အသား၊ ငါးနှင့် စိုက်ပျိုး ရေးထွက်ကုန်သီးနှံ လိုအပ်ချက်မြင့်မားလျက်ရှိသည်ကို လေ့လာတွေ့ရှိချက်များအရ သိရှိရသဖြင့် ခိုင်မာသည့်ဈေးကွက်ဝယ်လိုအားရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးသူများ၏ လိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ပြီး ပြည်ပသို့ အရည်အသွေးပြည့်မီသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိရိုးဖလာ သမားရိုးကျ နည်းလမ်းများဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များ အသုံးပြုစိုက်ပျိုးသည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြင့် အောင်မြင်နေသည့် နိုင်ငံများ၏ စိုက်ပျိုးရေး နည်းလမ်းများ၊ မွေးမြူရေးနည်းလမ်းများကိုလည်း အမြဲမပြတ်လေ့လာ၍ အတုယူဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ခင်းကျင်းပြသထားမှုများ ကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တွင် မွေးမြူထားရှိသည့် ငါးအမျိုးအစားနမူနာ ပြသထားရှိမှုများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မွေးမြူရေးဇုန်အတွင်းရှိ ငါးသားဖောက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ငါးသားပေါက်မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
လိုအပ်သည်များမှာကြား
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်အတွင်း လှည့်လည်၍ ဘဲမွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် ငါးမွေးမြူရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


