နေပြည်တော် စက်တင်ဘာ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြား ချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များအပေါ် ထပ်ဆင့်ရှင်းလင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဆောက်အဦ ဆောက်လုပ်ရာ၌ ရေရှည် တည်တံ့ကောင်းမွန်စေရေး စနစ်တကျ မျှော်တွေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထိန်းသိမ်း ရေးအပိုင်းကိုလည်း မှတ်တမ်းအထောက်အထားများဖြင့် စနစ်တကျ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
လမ်းများတည်ဆောက်ရာတွင် လမ်းအင်္ဂါရပ်များနှင့်ညီညွတ်ရန်၊ လမ်းမကြီးများ ဥပဒေနှင့်အညီ လမ်းနယ်များ မှန်ကန်ရေး စနစ်တကျသတ်မှတ်ထားရှိရန်၊ လမ်းဘေး ဝဲ / ယာ သစ်ပင်များကိုလည်းသတ်မှတ်ချက်နှင့်အညီဆောင်ရွက်နိုင်ရန်နှင့် ရေနုတ်မြောင်းများ စနစ် တကျရှိစေရန် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။
တံတားတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ခံနိုင်ဝန်ရှိရန်၊ ရေရှည် ခိုင်ခန့် မှုရှိစေရန်၊ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ စနစ်တကျတည်ဆောက်ရန်၊ တံတားအကျယ် မှန်ကန်ရန်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်မှုရှိစေရန် ထည့်သွင်းစဉ်းစား တွက်ချက်ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်သည့် ဝန်ထမ်း များပင်စင်ယူချိန်တွင်နေထိုင်ရန်အိမ်ရာများရှိရန်၊ တာဝန်ထမ်းဆောင်ဆဲနိုင်ငံ့ဝန်ထမ်း များ အတွက် ဝန်ထမ်းအိမ်ရာများရရှိရန်နှင့် ပြည်သူများအတွက် တန်ဖိုးသင့်အိမ်ရာများရရှိရန် စဉ်းစားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လမ်းညွှန်မှာကြားချက်အသေးစိတ်အချက်အလက် များကို အလေးထားလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ကုန်ထုတ်လမ်းများ ၊ ကုန်သွယ်လမ်းများကောင်းမွန်စွာ အသုံးပြုနိုင်ရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလားလာကောင်း သည့် လမ်းနှင့် တံတားသစ်များ တည်ဆောက်နိုင်ရန်လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းစိစစ်တင်ပြကြရမည်ဖြစ်ကြောင်း။
တံတားဟောင်းများ၏ ခံနိုင်ဝန်မြှင့်တင်တည်ဆောက်ရန် လိုအပ်သည့်နည်းတူ အဖျက် အမှောက်များကြောင့် ပျက်စီးသွားသည့် လမ်းနှင့် တံတားများကိုလည်း အချိန်တိုအတွင်း ပြန်လည်အသုံးပြုနိုင်အောင် ပြင်ဆင်ပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်းများနှင့် စီမံချက်များ အကောင်အထည်ဖော်ရာတွင်ပြည်သူ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ချွေတာသုံးစွဲကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းဖေ ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို အထူးအလေးထား လိုက်နာကြရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးကဏ္ဍသည် အရေးကြီးသည့်အတွက် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး အမြဲတမ်းအတွင်းဝန်က ဝန်ကြီး ဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များ၊ ဦးတည်ချက်များ၊ လုပ်ငန်းတာဝန်များနှင့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများက အဆောက်အဦ၊ လမ်း၊ တံတားနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေ၊ လုပ်ငန်းဆောင် ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့် အချက်များကို ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးဌာနတွင် အဂတိလိုက်စားမှုတားဆီးကာကွယ် ရေး အဖွဲ့ခေါင်းဆောင် အင်ဂျင်နီယာချုပ် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကြောင်း ဆွေးနွေးတင်ပြရာ ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်သုံးသပ်ဆွေးနွေးကြပြီး ပြည်ထောင် စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)