နေပြည်တော် ဩဂုတ် ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားခဲ့သည်များကို ထပ်ဆင့်ရှင်းလင်း မှာကြားဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ၂၀၂၂ ခုနှစ် ဩဂုတ် ၈ ရက်မှ ၁၀ ရက် အထိ ကျင်းပခဲ့သော ၆ လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပညာရေးနှင့် ပတ်သက်သော လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲအနေဖြင့် ပညာရေးကို အထူးအားပေး မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အစည်းအဝေးပေါင်းများစွာတွင်လည်း ပညာရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ လမ်းညွှန်ပြောကြားခဲ့ပါကြောင်း၊ ပညာရေးအားနည်းချက်များကို ကုစားနိုင်ရန် ပညာရေးတာဝန်ရှိသူများနှင့် ပညာရေးမိသားစုများအားလုံး ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အဖြစ်သဘောလုပ်ခြင်းမဟုတ်ဘဲ ရေရှည်ကြည့်၍ လုပ်ကိုင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်စေရေး၊ အမှန်တကယ် ပညာတတ်မြောက်စေရေး၊ အနည်းဆုံး အလယ်တန်းအဆင့်နှင့်အထက် သင်ယူ ပြီးမြောက်စေရေးနှင့် ကျောင်းများတွင် အခကြေးငွေများ ကောက်ခံမှု မရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းအားကစားကွင်းရှိရန် လိုအပ်ပါကြောင်း၊ ကျောင်းအားကစားကွင်းမရှိသည့် ကျောင်းများအနေဖြင့် မြေနေရာ စံသတ်မှတ်ချက်များကို တိုင်းတာ၍ တင်ပြစေလိုပါကြောင်း။
အခြေခံပညာနှင့်ပတ်သက်၍ အတန်းကူးပြောင်းမှုရာခိုင်နှုန်း မှန်ကန်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ အောင်မြင်စွာဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးကိစ္စသည်ဝန်ထမ်းတိုင်း၊ လူတိုင်းနှင့်သက်ဆိုင်၍ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ပါဝင်ကြသည့် ကျောင်းသားကျောင်းသူများအတွက် လိုအပ်လျှင် ကုစားပံ့ပိုး သင်ကြားမှုများဆောင်ရွက်ပေးရန် လိုပါကြောင်း၊ ဌာနဆိုင်ရာလုပ်ဖော်ကိုင်ဖက် အချင်းချင်း ဆက်ဆံရာတွင် တစ်ဦးနှင့်တစ်ဦး မေတ္တာထား၍ ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိုးရာသီကာလဖြစ်၍ ရာသီတုပ်ကွေး၊ ကိုဗစ်ရောဂါ စသည်များ မဖြစ်ပွားစေရန်အတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ထပ်ဆင့်ရှင်းလင်း၍ အဝေးသင် တက္ကသိုလ် အနီးကပ် သင်တန်းများကို ထိရောက်စွာ ပို့ချသင်ကြားနိုင်ရေးအတွက် စနစ်တကျကြီးကြပ်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က ဦးစီးဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်