စစ်တွေ  ဧပြီ  ၁၇

(၅၈) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်-မြန်မာ သက္ကရာဇ် ၁၃၈၄-ခု၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ စစ်တွေမြို့ပေါ်မှ သက်ကြီးအဘိုး၊ အဘွားများ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲ ကော်မတီဝင်များ၊ ယိမ်းအကအဖွဲ့များနှင့် အလှူရှင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်ရိုးရာမင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်ပြီး မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီစာရင်းစစ်မှူး၊ ဦးစံညွန့်က မင်္ဂလာ ဩဘာရတုဖြင့်ရွတ်ဆိုပူဇော်ကာ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစံသာ မောင် က သက်ကြီးပူဇော်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက သက်ကြီး ပူဇော်ပွဲနှင့် ပတ်သက်၍ ဂုဏ်ပြု အမှာစကားပြောကြားသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းအမှူးပြုသော ဧည့်ပရိတ်သတ်များက သက်ကြီးအဘိုး၊ အဘွားများကို လက်အုပ်ချီမိုး ဦးချပူဇော်ကန်တော့ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သက်ကြီးအဘိုး၊ အဘွားများကို မင်္ဂလာရေစင်ဖြင့် ပက်ဖျန်း ပူဇော်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းကြကာ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲ ကော်မတီနှင့် အလှူရှင်၊ စေတနာရှင်များက အဘိုး၊ အဘွားများကို အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြသည်။ ယင်းနောက် အပူဇော်ခံအဘိုး၊ အဘွားများကိုယ်စား အဘိုးဦးစောစိန်က ဆုတောင်းမေတ္တာပို့ စကား ပြောကြားပြီး မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီ၊ ယဉ်ကျေးမှုကော်မတီမှ “အာရက္ခတဘောင်” ယိမ်းအကဖြင့် ဂါရဝပြုကပြ ဖျော်ဖြေပူဇော်ကြသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာ အောင်ကျော်မင်းတို့က သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီနှင့် ယိမ်းအက အဖွဲ့ဝင် လူငယ်များသို့ အလှူငွေနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီမှ ခန်းမအတွင်းသို့ လာရောက်အပူဇော်ခံအဘိုး၊ အဘွား ၇၀ ကို ပူဇော်ကန်တော့ကြပြီး ရပ်ကွက်အသီးသီးနှင့် ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများကိုလည်း လှည့်လည် ပူဇော်ကန်တော့သွားမည်ဖြစ်သည်။ စစ်တွေမြို့တွင် ရခိုင်ရိုးရာသက်ကြီး ပူဇော်ပွဲကျင်းပရေး ကော်မတီက အသက် ၈၀ နှင့်အထက် အဘိုး၊ အဘွားများနှင့် အသက်တစ်ရာအထက် အဘိုး၊ အဘွား ၇ ဦး အပါအဝင် စုစုပေါင်း ၁၁၁၀ ကိုပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်းသိရသည်။ 

(သတင်းစဉ်)