နေပြည်တော်၊ အောက်တိုဘာ ၁
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံရုံးသံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာနှင့် ဆက်စပ်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲအရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် တက်ရောက်လာသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
သီဆိုဖျော်ဖြေ
ဂုဏ်ပြုညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းက ဧည့်ခံတီးလုံးဖြင့် ဖျော်ဖြေပြီး ရဲတပ်ဖွဲ့ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီးတို့က သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ တာဝန်ရှိသူများအား ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်