ပုသိမ် ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်သို့သွားရောက်၍ အအေးခန်း စနစ်တပ်ဆင်ပြီးစီးမှု အခြေအနေ၊ ငါးအစာတောင့်ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများ ခင်းကြင်းပြသထားမှုကို ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ မအူချောင်း အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး ကျောင်းသား ကျောင်းသူများ ညအိပ်စခန်း သွင်းသင်ကြားနေမှုနှင့် ကျွေးမွေးရေး၊ နေထိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို ဆွေးနွေးမေးမြန်းကာ အောင်ချက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန်အားပေး စကားပြောကြားခဲ့သည်။
ထို့အတူ မအူပင်မြို့နယ်၊ အထက မလက်တို အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ” အားပေးစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် အာဟာရဖြည့်စား သောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ရွှေနင်္ဂါးမင်းကုမ္ပဏီ၊ အောင်မြင်သူ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းစုရှိ ငါးမွေးမြူရေးကန်များ၊ အုန်းချိုမွှေး စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ အော့ချတ်(ဒ်)ကုမ္ပဏီလီမိတက် ရေနက်ကွင်း စိုက်ပျိုးမွေးမြူရေးကုမ္ပဏီ၏ လုပ်ငန်းများကို လည်းကောင်းကြည့်ရှု အားပေးပြီး လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်စေရေး၊ ထုတ်ကုန်နှစ်ဆတိုးမြှင့်ရန်နှင့် လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် မအူပင်မြို့နယ် အထက-ရေလဲကလေးအခြေခံပညာအထက်တန်း ကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်သည်။
ဆက်လက်၍ မအူပင်မြို့နယ် တော်တလုတ်ကျေးရွာအုပ်စု သုံးခွဆိုင်ကျေးရွာရှိ တောင်သူဦးမင်းမင်းစိုး၏ ဆောင်းနေကြာသီးနှံ စိုက်ဧက ၅ ဧကနှင့် တောင်သူ ဒေါ်ခင်လေးမွန်၏ ဆောင်းနေကြာသီးနှံစိုက် ဧက ၁ ဒသမ ၅ ဧကတွင် စိုက်ပျိုးထားသော SURYAKIRAN (အိန္ဒိယမျိုး)ဆောင်းနေကြာသီးနှံများအား ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ သီးနှံစုံစိုက်ပျိုးဖြစ်ထွန်းမှု၊ ရောင်းဝယ်မှုအခြေအနေများကို ဆွေးနွေးမေးမြန်းကာ သီးနှံများပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ဈေးနှုန်းသက်သာစွာရောင်းဝယ်နိုင်ရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်စိုက်ပျိုးထုတ် လုပ်နိုင်ရေး ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)