ပုသိမ် မတ် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စု ငါးတဲစုကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲနှင့် ကညင်ငူကျေးရွာ မြစ်ရေတင်စီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ငါးတဲစုကျေးရွာတွင် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖွင့်ပွဲဆိုင်းဘုတ်ကို ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ဖွင့်ပွဲဆိုင်းဘုတ်ကို အမွှေးနံ့သာများပက်ဖြန်း၍ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
နွားရေတိုက်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ လျှပ်စစ်ဓါတ်အားရရှိရေးအတွက် ၂၀၂၄-၂၀၂၅ တိုင်းဒေသကြီးဘတ် ဂျက်ရန်ပုံငွေ ကျပ်သန်း (၁၁၄ ဒသမ ၇၇၀) ဖြင့် ၁၁ ကေ ဗွီဓါတ်အားလိုင်း ၁မိုင်နှင့် ၁၁/ ၀ ဒသမ ၄ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၁) လုံး တည်ဆောက်ခဲ့ပြီးဖြစ်၍ ကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၁၇၈) စုအတွက် လျှပ်စစ်မီတာ ၄၅ လုံးတပ်ဆင် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ကညင်ငူကျေးရွာတွင် ကျင်းပသည့် မြစ်ရေတင်စီမံကိန်းဖွင့်ပွဲသို့ တက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အဖွင့်အမှာစကားပြောကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် နွေစပါးစံပြကွက်အား ကောက်စိုက်လုံမေများ၊ လက်ဆွဲကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက် (စက်ပါ) အစေ့ချစက်များဖြင့် ရက် ၉၀ မျိုးစပါး၊ ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂၊ ရွှေနံ့သာပေါ်ဆန်း-၂၊ အောင်နိုင်တိုးမျိုးစပါးများ အားစိုက်ပျိုးမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ရေကြည်မြို့နယ်၊ ကျွန်းဒေါင့်ကျေးရွာ တောင်သူဦးမြင့်စိုး၏ ဆောင်းမြေပဲစံပြစိုက်ကွက် (၁၀) ဧက ရိတ်သိမ်းမှုကိုလည်းကောင်း၊ ဖူးရတနာမြေပဲခွဲစက်နှင့် မြေပဲဆီသန့်ကြိတ်စက်ကိုလည်းကောင်း ကြည့်ရှုအားပေးပြီး အရည်အသွေးကောင်းမွန်စေသည့် မြေပဲဆီများကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်စေရေးနှင့် လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ နှောကုန်းကျေးရွာ၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းသို့သွား၍ ဆရာတော်များအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကို လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သန်လျက်စွန်းကျေးရွာရှိ တောင်သူဦးမြင့်စိုးနှင့် တောင်သူဦးဝင်းထိုက်၏ စိုက်ဧက (၂၀) တွင် ( Super sun-41 ) နေကြာ စိုက်ပျိုးဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေး၍ ပန်းတိုင်အထွက်နှုန်းရရှိနိုင်မှု အခြေအနေများ ဆွေးနွေးမေးမြန်းပြီး အောင်မြင်အောင် ဆောင်ရွက်စေရေး၊ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်ရန်တို့ကို မှာကြားသည်။
သတင်းစဉ်