ဘားအံ၊ နိုဝင်ဘာ ၆

 

ဆောင်းဆီထွက်သီးနှံ နေကြာမျိုးစေ့၊ မြေဩဇာများ ပေးအပ်ခြင်းနှင့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့နယ်၊ ထောင်ဝိကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့ တက်ရောက်အားပေးကြသည်။

 

အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ တောင်သူလယ်သမားများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က တိုးတက်လာသည့် လူဦးရေအတွက် စားရေရိက္ခာဖြည့်တင်းရန် စိုက်ပျိုးရေးထုတ်ကုန်များကို ယခင်ကထက် ပိုမိုတိုးထုတ်လာ နိင်ရန် လိုအပ်သကဲ့သို့ အဓိက သီးနှံများဖြစ်သည့် ဆန်၊ ဆီ၊ ပဲ ဖူလုံအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင် စားသုံး၍ရသည့် သီးနှံများကို တစ်သီး၊ နှစ်သီး သုံးသီးအထိ မိမိတို့ လယ်ယာမြေများတွင် နေရာလပ်မကျန် အချိန်မီစိုက်ပျိုးသွားကြရန် လိုအပ်ကြောင်း၊ ကရင်ပြည်နယ်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ဆောင်နေသည့် ပြည်နယ်တစ်ခုဖြစ်သည့်အပြင် လယ်ယာမြေ ထွန်ယက်စိုက်ပျိုးရန် သဘာဝအရင်းအမြစ်နှင့် သယံဇာတပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ကုန်းမြင့်သီးနှံ၊ မြေနိမ့်သီးနှံ စသည့် သီးနှံအမယ်စုံ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် အလားအလာကောင်းသော ပြည်နယ် တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများကို အရှိန်အဟုန်မြှင့် တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့က တောင်သူများအား နေကြာမျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် အဖွဲ့သည်ဆောင်း ဆီထွက်သီးနှံနေကြာ မျိုးစေ့ချကိရိယာဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေး ကြပြီး ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် အဖွဲ့သည် ပြည်နယ် ဝန်ကြီးချုပ်ဖလား လှေလှော်ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးကြသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် အဖွဲ့သည် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က မိမိအနေဖြင့် တိုင်းရင်းသားများနှင့် တွေ့ဆုံသည့်အခါတိုင်း တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ရန် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကို တာဝန်ယူကြသည့် ပုဂ္ဂိုလ်များကို အမြဲတမ်း တိုက်တွန်းပြောကြားပါကြောင်း၊ ယင်းတာဝန်သည် အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ပါကြောင်း၊  ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုတို့ကို ကူညီဆောင်ရွက်မည်ဟု ပြဋ္ဌာန်း ထားပါကြောင်း၊ ထို့အတူ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည် လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်၊ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်ဟု အတိအလင်း ပြဋ္ဌာန်းထားပါကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်အတွက် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းထားပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က တိုင်းရင်းသားများ အနေဖြင့် မိမိစာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ်စောင့် ရှောက်ရန် ကိုယ်စီတာဝန်ရှိပါကြောင်း၊ မိမိစာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ကာကွယ် စောင့်ရှောက်ရန် လိုအပ်သကဲ့သို့ မိမိတို့နိုင်ငံကိုလည်း ကာကွယ်စောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ ဒေသအတွင်းရှိသည့် တိုင်းရင်းသားများအားလုံး တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီပြီး စောင့်ရှောက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များက လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်​ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးတို့က ကရင်၊ ပအိုဝ်း၊ ရှမ်း၊ မွန်၊ ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များကို တစ်ဖွဲ့လျှင် ငွေကျပ် ၁၀ သိန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၅၀  ထောက်ပံ့ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာသော ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်