နေပြည်တော် စက်တင်ဘာ ၃၀
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆရာတော်၊ သံဃာတော်များအား အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီး ဌာနနှင့် မီးသတ်ဦးစီဌာနတို့မှှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ“နမောတဿ” ၃ ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှဝေပြီး အနုမောဒနာ တရားနာကြား၍ “ဗုဒ္ဓသာသနံ စိရံတိဌတု” ၃ ကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားရုတ်သိမ်းပြီး ဆရာတော် သံဃာတော်များအား အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့် အခမ်းအနားတက်ရောက်လာကြ သူများသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ အမှတ်(၃) မင်္ဂလာကန်တော်တွင် ကျင်းပသည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး မင်္ဂလာကန်တော်အတွင်းသို့ ငါးမြစ်ချင်းငါးမျိုးစိတ် ငါးသားပေါက်ကောင်ရေ (၁၀၀၀၀)ကို ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)