နေပြည်တော် ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးတို့နှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက်တွင် မအူပင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် လူငယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်၍ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကိုရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားကာ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာ၊ စတိုဆောင်၊ စာကြည့်တိုက်နှင့် ဝန်ထမ်း အိမ်ရာများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် သင်တန်းကျောင်းမှ ဝန်ထမ်းများ၊ နည်းပြများနှင့် သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်ကာ သင်တန်းသူများ၏ လက်ရာများ၊ အိပ်ဆောင်၊ စားရိပ်သာ၊ ဝန်ထမ်းအိမ်ရာ၊ သင်တန်းကျောင်း၏ အပ်ချုပ်ဆိုင်တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး သည်။
ဆက်လက်၍ မြောင်းမြမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးစီးခဲ့သည့် ပုသိမ် - မြောင်းမြ - လပွတ္တာကားလမ်းနှင့် သိလ္လာချောင်းဖျားကျေးရွာ ဆက်သွယ်သည့် ကျောက်ချောလမ်း ၁ မိုင်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လမ်းရေရှည် တည်တံ့ခိုင်မြဲစေရန် အတွက် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားကာ သိလ္လာကျေးရွာ ဒေသခံပြည်သူများတင်ပြသည့် ကျေးရွာ ရေရရှိရေး၊ ဆိုလာမီး တပ်ဆင်ပေးရေးနှင့် သိလ္လာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအတွက် ဆိုလာ မီးတပ်ဆင်ပေးရန်ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် လပွတ္တာမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး လက်ကိုင်ဖုန်းပြင်သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင် သင်တန်း၊ ဆောက်လုပ်ရေး သင်တန်းများတွင် ဘာသာရပ်အလိုက် လက်တွေ့လေ့ကျင့်သင်ကြားနေမှုနှင့် သင်တန်းသားများ၏ စားသောက်နေထိုင်မှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် လပွတ္တာမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး သင်တန်းကျောင်း ၂ ကျောင်းမှ ဝန်ထမ်းများ၊ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများကို တွေ့ဆုံအမှာစကားပြောကြား၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ သင်တန်းသူများ၏ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ လက်တွေ့သင်ကြားနေမှု၊ မော်တာဆောင်၊ စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာ၊ ဝန်ထမ်းအိမ်ရာ၊ သင်တန်းကျောင်း၏ အပ်ချုပ်ဆိုင်နှင့် ဂါလံ နှစ်သိန်းဆံ့ ရေလှောင်ကန်တို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်)သို့ ရောက်ရှိပြီး ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်း အုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများနှင့် တွေ့ဆုံ၍ ကျောင်းအုပ်ကြီးက သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များ၊ အုပ်ချုပ်ရေး၊ လေ့ကျင့် သင်ကြားရေး ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားမှု၊ ပါမောက္ခ/ဌာနမှူးများက သင်ကြားရေးဆိုင်ရာ လိုအပ်ချက်ရှိသည်များကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ စာသင် ဆောင်များ၊ မနုဿဗေဒပြခန်း၊ အင်ဂျင်နီယာအလုပ်ရုံ၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
ဆက်လက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြား၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိ၌ပြီး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ခရိုင်ရုံး သိုလှောင်ရုံတွင် ထိန်းသိမ်းထားရှိသော ယာဉ်၊ ယန္တရားကြီးများ အသုံးပြုနိုင်မှုနှင့် ကြံ့ခိုင်မှုအခြေအနေ၊ ထောက်ပံ့ပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ယာဉ်၊ ယန္တရားကြီးများ ကြံ့ခိုင်မှုနှင့် ထိန်းသိမ်းထားရှိမှု၊ ပြင်ဆင်ပြီး ယာဉ်၊ ယန္တရား ဂိုဒေါင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)