နေပြည်တော်    ဇွန် ၇

   

 ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A)၌ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်  ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင ့်အားကစားသမားများ တက်ရောက်ကြသည်။

 

ဦးစွာ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး   ဂျူဒိုပြိုင်ပွဲအသင်းလိုက် ဗိုလ်လုပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့်   ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေး ကြသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဦးအောင်ကျော် ဟိုးနှင့် ဦးကိုကိုလှိုင်တို့က ၄၂ ကီလိုတန်းအောက် အမျိုးသမီးတစ်ဦးချင်း ဂျူဒိုပြိုင်ပွဲတွင်  ပထမ၊ ဒုတိယနှင့် ပူးတွဲ တတိယဆု ရရှိကြသူများ၊  (၄၅) ကီလိုတန်း အောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူ များနှင့် (၅၀) ကီလိုတန်းအောက် အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က (၅၅)ကီလိုတန်းအောက် အမျိုးသားပြိုင်ပွဲတွင်  ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

 ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက အမျိုးသား၊ အမျိုးသမီးအသင်း လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းနှင့် ပူးတွဲတတိယဆုရရှိကြသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန် တိုင်းဒေသကြီး အသင်းတို့ကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသမီး အကောင်းဆုံး  အားကစားသမားဆုနှင့် အမျိုးသားအကောင်းဆုံးအားကစားသမားဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့်  ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ပိုးရယ်အောင်သိန်းတို့က အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် ကချင်ပြည်နယ်အသင်းနှင့် အမျိုးသားတံခွန်စိုက်ဆုဖလား ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို  တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက စုပေါင်းတံခွန်စိုက် ဆုဖလား ရရှိသည့် ကချင်ပြည်နယ်အသင်းကို  တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။

 

၂၀၂၄ ခုနှစ်   ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွက်လာစေရန်နှင့်  မြန်မာ့ဂျူဒိုအားကစား အဆင့်အတန်းတိုးတက်မြင့်မား လာစေရန်   ရည်ရွယ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အမျိုးသား အသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၃၀မှ အသင်း အုပ်ချုပ် သူ/နည်းပြ၊ အားကစားသမားအင်အား စုစုပေါင်း ၂၆၉ ဦးဖြင့် ပြိုင်ပွဲ ကာလ ဇွန်  ရက်မှ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)