နေပြည်တော် ဇွန် ၁၃
၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား မီတာ ၂၀၀ လွန်းပျံ အလွတ်ကူး ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုနှင့် အမျိုးသမီး မီတာ ၂၀၀ လွန်းပျံအလွတ်ကူး ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဒေါက်တာ စိုးဝင်းနှင့် ဒေါက်တာ မျိုးသိန်းကျော်တို့က အမျိုးသမီး မီတာ ၅၀ ရင်ပေါင်တန်းကူး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများ၊ အမျိုးသား မီတာ ၅၀ လိပ်ပြာကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများနှင့် အမျိုးသမီး မီတာ ၅၀ လိပ်ပြာ ကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်းတို့က အမျိုးသား မီတာ ၅၀ အလွတ်ကူး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများနှင့် အမျိုးသမီး မီတာ ၅၀ အလွတ်ကူး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ပေးအပ်ချီးမြှင့်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်က အမျိုးသား မီတာ၂၀၀ လွန်းပျံအလွတ်ကူး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယ ဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသမီး မီတာ ၂၀၀ လွန်းပျံ အလွတ်ကူးပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်း ဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ် နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်က အကောင်းဆုံး အမျိုးသမီး အားကစားသမားဆုနှင့် အကောင်းဆုံးအမျိုးသား အားကစားသမားဆုရရှိကြသူများကို ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ပိုးရယ် အောင်သိန်းတို့က အမျိုးသမီး တံခွန်စိုက်ဆုဖလားနှင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိကြသည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့ကို တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူက ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို စုပေါင်းတံခွန်စိုက် ဆုဖလားပေးအပ်ချီးမြှင့်သည်။
ယခုကျင်းပသည့် ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူငယ်များ ရေကူးအားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရေကူးအားကစားသမား လူငယ်များ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ဇွန် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


