နေပြည်တော် အောက်တိုဘာ ၁၀

 

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။      

 

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊   ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ  တပ်မတော်အရာရှိကြီးများနှင့်  တာဝန်ရှိသူများ  တက်ရောက်ကြပြီး ဆပ်ကော်မတီအတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

 

ဘက်စုံပညာရေးကဏ္ဍကိုမြှင့်တင်ကြိုးပမ်း

ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်က  အမှာစကား ပြောကြားရာတွင်  ၂၀၂၄ ခုနှစ်  (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက် (၅) ရပ်ဖြစ်သည့်  အမျိုးသား အကျိုးစီးပွားနှင့် အမျိုးသားနိုင်ငံရေးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေးနှင့်  အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲရေးဟူသည့်  ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းဆောင်ရွက်ရေး၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရေး၊ ဥပဒေနှင့်အညီ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ   ဆန္ဒမဲပေးနိုင်ခွင့်ရရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရေး၊ အကြမ်းဖက်ဖြစ် စဉ်များအားလုံးချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့်  ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့်  မွေးမြူရေးလုပ်ငန်း များကို အခြေခံသည့်  MSME  စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ရေးဆိုသည့်   ဦးတည်ချက်များ နှင့်အညီ   ကျင်းပသွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ် သတ်မှတ်ထားသော်လည်း  နိုင်ငံတော်က  လက်ရှိဆောင်ရွက်နေသည့် အခန်းကဏ္ဍများကို  ထည့်သွင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

လုံခြုံရေးကိစ္စကို လစ်ဟာမှုမရှိစေရန် အထူးအလေးထား

၂၀၂၃ ခုနှစ်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အခမ်းအနားကိုလည်း  အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှု ကြောင့်   နိုင်ငံတော်အဆင့် ကြီးကျယ်ခမ်းနားစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွေ့အကြုံကောင်းများလည်း ရရှိခဲ့ပြီဖြစ် ကြောင်း၊ ယခုနှစ်လွတ်လပ်ရေးနေ့အခမ်းအနားကို ပုံမှန်အတိုင်း နံနက်ပိုင်းတွင် အလံတင်အခမ်းအနား၊ နေ့လယ်ပိုင်းတွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ပေးအပ်ခြင်းနှင့် ညပိုင်းတွင် ညစာစားပွဲအခမ်းအနားတို့ဖြင့် အပိုင်းသုံးပိုင်း    ကျင်းပသွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနားသည်   ပုံမှန်ကျင်းပနေသည့် အခမ်းအနားဖြစ်သော်လည်း နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အထူးသဖြင့် လုံခြုံရေးကိစ္စကို လစ်ဟာမှုမရှိစေရန် အထူးအလေးထား ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် တက်ရောက်လာ ကြသူအားလုံးအတွက်  ကျန်းမာရေးနှင့်  ညီညွတ်သည့် စားသောက် နေထိုင်မှုများဖြစ်စေရန် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခင်ကျင်းပခဲ့သည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ နိုင်ငံတော်အဆင့် အခမ်းအနားများ၏ အားသာချက် အားနည်းချက်များကို သင်ခန်းစာရယူပြီး ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို  လိုအပ်ချက်များမရှိအောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ရှင်းလင်းတင်ပြ

 ထို့နောက် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော် အလံအလေးပြုပွဲ စစ်ရေးပြဆပ်ကော်မတီ၊ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ၊ ညစာ စားပွဲ  အလှပြ  Drone  လွှတ်တင် ဖျော်ဖြေရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီနှင့်   စာရင်းစစ်ဆေးရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများက လုပ်ငန်းတာဝန်များ၊  ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ကော်မတီအလိုက် ဆောင်ရွက်ရ မည့် လုပ်ငန်းများ၊ ၂၀၂၄ ခုနှစ်  (၇၆) နှစ်မြောက် လွပ်လပ်ရေးနေ့ အခမ်းအနား  အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက်  ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

စာပေဟောပြောပွဲများကို ကျင်းပပြုလုပ်ပေး

ထို့နောက် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွပ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က  ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကျောင်းများတွင် ကဗျာ၊ စာစီစာကုံး၊ ကျပန်းစကား ပြောပြိုင်ပွဲများ  ကျင်းပပေးရန်လိုကြောင်း၊ ထို့ပြင် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သည့် စာပေဟောပြော ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးသွားရန်လိုကြောင်း၊ ဆပ်ကော်မတီများအနေဖြင့်  ငွေကြေးသုံးစွဲမှုများ တွင် အလေအလွင့်မရှိစေရေး၊ ပါဝင်သင့်ပါဝင်ထိုက် သူများပါရှိစေရေး၊ နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်သည့်အတွက် ဘက်ပေါင်းစုံ လစ်ဟာမှုမရှိစေရေးနှင့် လွတ်လပ်ရေးအနှစ်အရသာကို အများပြည်သူများ သိရှိနိုင်စေရေး ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားကာ  အစည်းအဝေးကို  ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။           သတင်းစဉ်